ဆင်းရဲသော နိုင်ငံများရှိ အမျိုးသမီးများ သန္ဓေတားဆေးပိုမိုသုံးစွဲခွင့်ရလာဟုဆို

ဆင်းရဲသော နိုင်ငံများရှိ အမျိုးသမီးများ သန္ဓေတားဆေးပိုမိုသုံးစွဲခွင့်ရလာဟုဆို

ဆင်းရဲသော နိုင်ငံများရှိ အမျိုးသမီးများနှင့် မိန်းကလေးများအနက် သန္ဓေတားဆေးသုံးစွဲသူပိုမိုများပြားလာနေကြောင်း ကုလသမဂ္ဂ၏ကျောထောက်နောက်ခံရရှိထားသည့် မိသားစုစီမံကိန်း ၂၀၂၀ အမည်ရှိ အင်န်ဂျီအိုအဖွဲ့တစ်ဖွဲ့၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများအနက် ၆၉ နိုင်ငံရှိ သန္ဓေတားဆေးသုံးစွဲသည့် အမျိုးသမီးနှင့် မိန်းကလေးဦးရေသည် ၂၀၁၈ ခုနှစ်တွင် ၃၁၇ သန်းရှိခဲ့ပြီး ယင်းသည် ၂၀၁၂ ခုနှစ်ကထက် ၄၆ သန်းပိုမိုများပြားလာခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။
    ခေတ်မီသော သန္ဓေတားနည်းများကြောင့် ၂၀၁၈ ခုနှစ် ဇူလိုင်အတွင်း မလိုချင်ဘဲရလာသည့် ကိုယ်ဝန် ၁၁၉ သန်းကျော်ကိုတားဆီးနိ်ုင်ခဲ့ပြီး အသက်အန္တရာယ်ထိခိုက်နိုင်သည့် ကိုယ်ဝန်ဖျက်ချမှု သန်း ၂၀ မဖြစ်ပျက်အောင် တားဆီးနိုင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ သန္ဓေတားဆေးအသုံးပြုသော်လည်း အာဖရိကတစ်ဝန်းနှင့် အခြားဝင်ငွေနည်းနိုင်ငံများတွင် ကလေးမွေးဖွားနှုန်းမှာမူ တိုးနေဆဲဖြစ်သည်။
    စစ်တမ်းကောက်ယူသည့် နိုင်ငံများအနက် ၂၀ တွင် သန္ဓေတားသည့် နည်းစနစ်များတိုးတက်လာနေကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ သို့သော် သတင်းအချက်အလက်ရရှိမှုမရှိသောကြောင့် ကိုယ်ဝန်ဆောင်လိုခြင်းမရှိသေးသည့် အမျိုးသမီးသန်းပေါင်းများစွာသည် သန္ဓေတားနိုင်ခြင်းမရှိသေးကြောင်း အစီရင်ခံစာ၌ ရေးသားထားသည်။
    လန်ဒန်၌ ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် မိသားစုစီမံကိန်းဆိုင်ရာ ထိပ်သီးညီလာခံတစ်ခုမှ မွေးဖွားသည့် မိသားစုစီမံကိန်း ၂၀၂၀ အရ အလှူရှင်များသည် ၂၀၂၀ ပြည့်နှစ်ရောက်ရှိချိန်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ နောက်ထပ် အမျိုးသမီးနှင့် မိန်းကလေး ၁၂၀ တို့အား သန္ဓေတားဆီးထောက်ပံ့ပေးရန်အတွက် ဒေါ်လာ သန်းပေါင်းများစွာလှူဒါန်းမည်ဖြစ်ကြောင်း အလှူရှင်များက ပြောဆိုခဲ့သည်။ 
    စစ်တမ်းကောက်ယူခဲ့သည့် နိုင်ငံ ၆၉ နိုင်ငံအနက် အများစုမှာ ဆာဟာရသဲန္တာရတောင်ပိုင်း အာဖရိကနိုင်ငံများမှဖြစ်သည်။ ယခုအချိန်မှ ၂၀၅၀ ပြည့်နှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာလူဦးရေတိုးပွားမှု၏ထက်ဝက်ကျော်မှာ အာဖရိက၌ ရှိလာမည်ဖြစ်ကြောင်း ကုလသမဂ္ဂစာရင်းအင်းများအရ သိရသည်။ အာဖရိကရှိ အမျိုးသမီးတစ်ဦးသည် ကလေး ၅ ဒသမ ၁ ဦးမွေးဖွားနေကြောင်း ကုလ၏ကမ္ဘာလုံးဆိုင်ရာလူဦးရေအစီရင်ခံစာ၌ ဖော်ပြထားသည်။