အမေရိကန်၊ ရုရှားနှင့် တရုတ်မပါဝင်သော နိုင်ငံ ၅၀ ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရန် ကတိပြုခဲ့ကြ

အမေရိကန်၊ ရုရှားနှင့် တရုတ်မပါဝင်သော နိုင်ငံ ၅၀ ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရန် ကတိပြုခဲ့ကြ

ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခြင်းနှင့် အမုန်းတရားဖြန့်ချိခြင်းအပါအဝင် အင်တာနက်ရှိ ရာဇဝတ်မှုမြောက်သော အပြုအမူများကို တိုက်ဖျက်ရန် ပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံ ၅၀ နှင့် နည်းပညာကုမ္ပဏီ ၁၅၀ ကျော်တို့က နိုဝင်ဘာ ၁၂ ရက်တွင် ကတိပြုလိုက်ပြီဖြစ်သည်။

ယင်းကဲ့သို့ ကတိပြုသည့်နိုင်ငံများတွင် အမေရိကန်ပြည်ထောင်စု၊ ရုရှားနှင့် တရုတ်တို့ပါဝင်ခြင်းမရှိချေ။  နိုင်ငံများနှင့် ကုမ္ပဏီများသည် ကြေညာချက်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့သည်။ 
အွန်လိုင်းရှိ ဆင်ဆာဖြတ်တောက်မှုနှင့် ကုန်သွယ်ရေးလျှို့ဝှက်ချက်ခိုးယူခြင်းတို့အပါအဝင် ရာဇဝတ်မှုမြောက်သော အပြုအမူများကို တားဆီးရန်နှင့်ဆိုက်ဘာနယ်ပယ်တွင် ယုံကြည်မှုနှင့် လုံခြုံရေးတည်ဆောက်ရန်တို့အတွက် ပါရီက တောင်းဆိုပါကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
    ကြေညာချက်ကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ဂျပန်နှင့် ကနေဒါတို့ကသာမက ဖေ့စ်ဘွတ်ခ်၊ဂူဂဲလ်နှင့် မိုက်ခရိုဆော့အပါအဝင် ကုမ္ပဏီများက ထောက်ခံထားသည်။ ပြင်သစ်သမ္မတဧမာနွေလမာခရွန်ကလည်း ယခုကဲ့သို့ ကတိပြုနိုင်အောင် တွန်းအားပေးလုပ်ဆောင်ခဲ့သည်။
    အင်တာနက်ကို စည်းကြပ်ရန် အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း မာခရွန်က ကုလသမဂ္ဂ၏ယဉ်ကျေးမှုဌာနဖြစ်သည့် ယူနက်စကိုက စီစဉ်သည့် အင်တာနက်အုပ်ချုပ်ရေးဖိုရမ်၌ ပြောဆိုခဲ့သည်။ ဖေ့စ်ဘွတ်ခ်ရှိ အမုန်းတရားဆိုင်ရာအကြောင်းအရာများကို ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဝန်ထမ်းများက  စောင့်ကြည့်ခြင်း၊ ဖယ်ရှားခြင်းတို့ပြုလုပ်ပုံကို ပြင်သစ်အစိုးရအရာရှိများအား လေ့လာခွင့်ပေးမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်က ပြောဆိုခဲ့သည်။
    ဖန်တီးတီထွင်မှုနှင့်နည်းပညာများကြောင့် လူများ ပြောရေးဆိုခွင့်ပိုမိုရှိလာပြီး လုပ်ပိုင်ခွင့်ပိုမိုရရှိရေးအတွက် နည်းပညာခေါင်းဆောင်များသာမက အစိုးရများကပါတာဝန်ရှိနေကြောင်း ကနေဒါဝန်ကြီးချုပ် ယာစတင် ထရူဒိုးက ပါရီမြို့တော်ခန်းမ၌ ပြုလုပ်သော ဖိုရမ်၌ ပြောဆိုခဲ့သည်။