မြောက်ကိုရီးယား၌ နျူကလီးယား လျှို့ဝှက်စခန်း ၁၃ ခု ရှိနေသေးကြောင်း အမေရိကန်ကျွမ်းကျင်သူများထုတ်ပြန်

မြောက်ကိုရီးယား၌ နျူကလီးယား လျှို့ဝှက်စခန်း ၁၃ ခု ရှိနေသေးကြောင်း အမေရိကန်ကျွမ်းကျင်သူများထုတ်ပြန်

မြောက်ကိုရီးယားတွင် နျူကလီးယား လျှို့ဝှက်စခန်း ၁၃ ခုထိရှိနေဆဲဖြစ်ကြောင်း အမေရိကန်ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။ ယခုထုတ်ပြန်ချက်သည် မြောက်ကိုရီးယား နျူကလီးယားရန်စွယ်ကိုထိန်းချုပ်နိုင်ပြီဟု ကြေညာထားသော သမ္မတဒေါ်နယ်ထရမ့် အစိုးရအတွက် စိန်ခေါ်မှုဖြစ်နေသည်။ 

မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာမှုစင်တာက ဂြိုလ်တုဓာတ်ပုံများကိုအခြေခံလျက် မြောက်ကိုရီးယား နျူကလီးယားလျှို့ဝှက်စခန်းတည်နေရာများကိုစာရင်းပြုစုထားခြင်းဖြစ်သည်။ အမေရိကန်အစိုးရအနေဖြင့် မြောက်ကိုရီးယားကို နျူကလီးယားအပြည့်အဝ ဖျက်သိမ်းနိုင်ရန်မှာစိန်ခေါ်မှု ကြီးမားသောလုပ်ငန်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 
ထိုစခန်းများသည်  လျှို့ဝှက်ထားသောစခန်းများဖြစ်နေသောကြောင့် မြောက်ကိုရီးယား၏ နျူကလီးယားဖျက်သိမ်းရေးသဘောထားကိုလည်းမေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 
    လျှို့ဝှက်စခန်းများသည် တာဝေးပစ် ဒုံးကျည် အမျိုးမျိုးထုတ်လုပ်နိုင်သော နေရာများဖြစ်သောကြောင့် မြောက်ကိုရီးယားအနေဖြင့် နိုင်ငံတကာ ကျွမ်းကျင်သူများ၏ စစ်ဆေးမှုကိုခံယူမည့်စာရင်းတွင် ထိုစခန်းများကိုထည့်သွင်းဖော်ပြသင့်ကြောင်းလည်း မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာမှုစင်တာကဆိုသည်။ 
    ပြီးခဲ့သည့်သီတင်းပတ်က နယူးယောက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက်ပွမ်ပီယိုနှင့် တွေ့ဆုံရေးကို မြောက်ကိုရီးယားဘက်က ပယ်ဖျက်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ယခုအစီရင်ခံစာထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ 
အမေရိကန်အနေဖြင့် ဆန်ရှင်များအချိန်မီ ရုပ်သိမ်းမပေးပါက နျူကလီးယားနှင့် ဒုံးကျည်လုပ်ငန်းများ ပြန်စမည်ဟုလည်း မြောက်ကိုရီးယားက ထပ်မံခြိမ်းခြောက်ထားသည်။