မြန်မာနိုင်ငံရှိ ဆည်များနှင့်ပတ်သက်ပြီး တိကျသည့် ဘေးကင်းလုံခြုံမှုဆိုင်ရာ မူဘောင်၊ ဥပဒေသတ်မှတ်ထားရှိမှုအားနည်းနေဆဲဖြစ် ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ဒေါက်တာ မြင့်ဇော်က ပြောဆိုသည်။
မြန်မာနိုင်ငံ၏ မြစ်ဝှမ်းများနှင့်ပတ်သက် ၍ လေ့လာထားသည့် သုတေသနစာတမ်း တွင် ဖော်ပြထားမှုများအရ တစ်နိုင်ငံလုံးတွင် အဆိုပြုထားသည့် ရေအားလျှပ်စစ်စီမံကိန်း ၆၀ ကျော်ရှိပြီး အဆိုပါစီမံကိန်းများကို ပြုပြင် ပြောင်းလဲခြင်းမရှိဘဲ လုပ်ကိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ မြစ်များသည် ကြီးမား၍ ကုစားပြောင်းလဲရန်မဖြစ်နိုင်သော အပြောင်း အလဲများနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း ဖော် ပြထားသည်။
ကြုံတွေ့နိုင်
ထို့ပြင် မြန်မာနိုင်ငံအတွင်း ရေအားလျှပ်စစ် စီမံကိန်းများကို ဖော်ဆောင်ပါက မြန်မာ့မြစ်များ သည် ကြီးမား၍ ကုစားပြောင်းလဲရန်မဖြစ်နိုင် သော အပြောင်းအလဲများမှာ ရာသီအလိုက်နှင့် နေ့စဉ်မြစ်များ၏ ရေစီးရေလာပြောင်းလဲခြင်း၊ မြစ်များ၏ ဖွဲ့စည်းပုံစနစ် စိတ်မြွှာပြတ်တောက် သွားခြင်း၊ မြစ်အောက်ပိုင်း နုန်းကျမှုလျော့ကျ၍ တိုက်စားမှုများဖြစ်လာခြင်း၊ ဇီဝစုံလင်ကွဲပြား မှုလျော့ကျခြင်း၊ မြစ်ဝှမ်းဒေသသယံဇာတနှင့် အသက်မွေးဝမ်းကျောင်းမှုများ ဆုံးရှုံးခြင်းများ ကြုံတွေ့နိုင်ကြောင်း သိရသည်။
ဆန်းစစ်မှုမလုပ်နိုင်
ရေအားလျှပ်စစ်စီမံကိန်း အသစ်များကို စဉ်းစားရန် မဖြစ်နိုင်သေးခြင်းမှာ မြေယာကိစ္စ မရှင်းလင်းသေးခြင်း၊ စစ်၊ ပဋိပက္ခနှင့် ပြည်သူ့ ဘဝရေးရာများကို မဆန်းစစ်နိုင်သေးခြင်း၊ ဘေးကင်းလုံခြုံမှုဆိုင်ရာ မူဘောင်၊ ဥပဒေနှင့် အစိုးရ၏ စီမံကိန်းစောင့်ကြည့်နိုင်မှုအားမ ကောင်းသေးခြင်း၊ ငါးနှင့်ရေသယံဇာတဆိုင်ရာ လေ့လာဆန်းစစ်ချက်များမရှိသေးခြင်းနှင့် လက်ရှိရေကာတာများ၏ ဘေးအန္တရာယ်နှင့် အကျိုးအပြစ် ဆန်းစစ်မှုမလုပ်နိုင်သေးခြင်း များကြောင့်ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောဆိုသည်။















