သီရိလင်္ကာသမ္မတမိုင်သရီပါလာ သီရိသေနာက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ထားသည့် မိဟန္ဒာရာဇပါကသ၏အစိုးရနှင့်ပတ်သက်၍ သီရိလင်္ကာလွှတ်တော်၌ နိုဝင်ဘာ ၁၄ ရက် အစောပိုင်းတွင် အယုံအကြည်မရှိအဆိုတင်သွင်းပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ အယုံအကြည်မရှိသူများဘက်မှ မဲအများစုရရှိခဲ့သည်။
တရားလွှတ်တော်ချုပ်ကလည်း သမ္မတ၏ လွှတ်တော်ဖျက်သိမ်းကြောင်းအမိန့်သည် သက်ရောက်မှုမရှိစေရဟု ဆုံးဖြတ်ခဲ့သည်။
အတိုက်အခံပါတီခေါင်းဆောင်ဦးဆောင်ပြီး အယုံအကြည်မရှိအဆိုတင်သွင်းမဲခွဲဆုံးဖြတ်ခဲ့မှုကြောင့် လွန်ခဲ့သောလတွင် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် ရာဇပါကသသည် ရာထူးမှနုတ်ထွက်ရတော့မည်ဖြစ်သည်။ သီရိသေနာက လွှတ်တော်ကို ခေတ္တရပ်ဆိုင်းခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှစ၍ လွှတ်တော်အစည်းအဝေးများကို ပထမဆုံးအကြိမ်ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။
လွှတ်တော်တွင်း ရာဇပါကသကို ထောက်ခံသူပိုမိုများပြားလာရေး လှုပ်ရှားရန် သီရိသေနာသည် လွှတ်တော်ကို လွန်ခဲ့သောလတွင် ဖျက်သိမ်းခဲ့သည်။ သို့သော် တရားလွှတ်တော်ချုပ်က ဒီဇင်ဘာအထိ လွှတ်တော်အစည်းအဝေးများကို ကျင်းပရမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
သီရိသေနာသည် နိုဝင်ဘာ ၂၆ ရက်တွင် ရာနီး ဝစ်ကရာမာဆင်ဂဲကို ဝန်ကြီးချုပ်အဖြစ်မှ ဖြုတ်ချပြီး ၎င်း၏နေရာတွင် သမ္မတဟောင်း ရာဇပါကသကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် လွှတ်တော်တွင်း ထောက်ခံသူအများစုရှိနေပါက ဝန်ကြီးချုပ်တစ်ဦးကို ဖြုတ်ချလို့မရကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မကိုထောက်ပြပြီး သီရိသေနာ၏လုပ်ရပ်သည် ဥပဒေနှင့်မညီကြောင်း ဝိကရာမာဆင်ဂဲကပြောဆိုခဲ့သည်။
လွန်ခဲ့သောအပတ်တွင် သီရိသေနာသည် လွှတ်တော်ကိုဖျက်သိမ်းပြီး ရွေးကောက်ပွဲများကို ဇန်နဝါရီတွင် ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် နိုင်ငံရေးပါတီ ၁၃ ခုနှင့် နိုင်ငံရေးသမားများက လွှတ်တော်ကိုဖျက်သိမ်းခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသောကြောင့် ယင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ပေးရန် လျှောက်ထားခဲ့ပြီးနောက် တရားလွှတ်တော်ချုပ်သည် သမ္မတ၏အမိန့်ကို ဒီဇင်ဘာ ၇ ရက်အထိ မသက်ရောက်စေရဟု နိုဝင်ဘာ ၁၃ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ ယင်းအမှုနှင့်ပတ်သက်၍ ဒီဇင်ဘာ ၄ ရက်တွင် ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း တရားလွှတ်တော်ချုပ်ကပြောဆိုခဲ့သည်။

















