သမ္မတထရမ့်သည် ဇနီးဖြစ်သူ မယ်လင်နီယာထရမ့်၏တောင်းဆိုချက်ကြောင့် လက်ထောက် အမျိုးသား လုံခြုံရေးအကြံပေး မီယာ ရီကာဒဲလ်ကို ရာထူးမှ ထုတ်ပယ်ရန် အသင့်ရှိနေပြီး နောက်ထပ် အိမ်ဖြူတော် လက်ထောက်များလည်း ထပ်မံနှုတ်ထွက်ရဖွယ်ရှိကြောင်း သမ္မတထရမ့်အစိုးရနှင့်နီးစပ်သူများက ပြောဆိုခဲ့သည်။
ထရမ့်၏ဇနီး မယ်လင်နီယာထရမ့်၏ အာဖရိကခရီးစဉ်နှင့်ပတ်သက်ပြီး မယ်လင်နီယာနှင့်အချင်းများခဲ့သည့် ရီကာဒဲလ်ကို ထုတ်ပယ်ပေးရန် မယ်လင်နီယာက တောင်းဆိုခဲ့သည်။ ၄င်းတောင်းဆိုမှုနှင့် လိုက်လျောမည်ဆိုကအစဉ်အလာမဟုတ်သည့် လုပ်ရပ်ဟု အဝေဖန်ခံနေရသည်။
သက်တမ်းဝက်ရွေးကောက်ပွဲအပြီး တစ်ပတ်မျှအကြာတွင် အိမ်ဖြူတော်အရာရှိချုပ် ဂျွန်ကယ်လီ၊ အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတ်ဂျန်နှင့် ပြည်ထဲရေးဝန်ကြီး ရန်းဇင်ကီတို့ မကြာမီ နှုတ်ထွက်ရဖွယ်ရှိကြောင်း၊ ယင်းကြောင့် အိမ်ဖြူတော်တွင် ထပ်မံ၍ ကနောင်းကနင်းဖြစ်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
လွန်ခဲ့သည့်အပတ်က နိုဝင်ဘာ ၆ ရက် ရွေးကောက်ပွဲရလဒ်အရ အောက်လွှတ်တော်ကို ဒီမိုကရက်များ ထိန်းချုပ်နိုင်တော့မည့်သတင်း ထွက်ပေါ်လာပြီး နာရီအနည်းငယ်အကြာတွင် ရှေ့နေချုပ် ဂျက်ဖဆက်ရှင်သည် ထွက်စာတင်ရန် သမ္မတထရမ့်၏ ဖိအားပေးခံခဲ့ရသည်။
သမ္မတထရမ့်၏ ၂၂ လတာ သမ္မတသက်တမ်းအတွင်း အိမ်ဖြူတော်သည် မကြာခဏ ရာထူးမှထုတ်ပယ်မှု၊ ထွက်စာတင်မှုများဖြင့် လှုပ်ခတ်လေ့ရှိရာ သမ္မတသက်တမ်းငါးဆက်အတွင်း ထိပ်တန်းအရာရှိ လှုပ်ခတ်မှုအမြင့်ဆုံး ဖြစ်ကြောင်း ဘရုတ်ကင်းသိပ္ပံက ထုတ်ပြန်ခဲ့သည်။
နှုတ်ထွက်မှုများ၊ ထုတ်ပယ်မှုများသည် မကြာခင်သီတင်းပတ်အတွင်း ဖြစ်လာနိုင်ခြေရှိကာ အိမ်ဖြူတော်တွင်း အလှုပ်အရမ်းနှင့်အတူ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရုရှားစွက်ဖက်ခဲ့မှုကို စုံစမ်းစစ်ဆေးနေသည့် အထူးစုံစမ်း စစ်ဆေးရေးမှူး ရောဘတ်မြူလာသည်လည်း စွဲချက်တင်မှုများကို ပိုမိုပြုလုပ်လာဖွယ်ရှိသည်။

















