အီတလီအာဏာရ ကြယ်ငါးပွင့်လှုပ်ရှားမှုပါတီမှ ခေါင်းဆောင်များက ဂျာနယ်လစ်များအပေါ် စော်ကားမှုကို မကျေနပ်သည့်အတွက် နိုင်ငံတစ်ဝန်း၌ နိုဝင်ဘာ ၁၃ ရက်တွင် ဂျာနယ်လစ်များ ချီတက်ဆန္ဒထုတ်ဖော်ခဲ့သည်။
ရောမမြို့တော်ဝန် ဗာဂျီးနီးယား ရက်ဂီအား အကျင့်ပျက်ခြစားမှုကို သတင်းရယူပြီး ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့မှုကို မကျေနပ်သည့်အတွက် ကြယ်ငါးပွင့်ခေါင်းဆောင် လူဂီဒီမိုင်ယိုနှင့် အခြားနာမည်ကျော်ခေါင်းဆောင်တစ်ဦးတို့က ဂျာနယ်လစ်များကို ပြည့်တန်ဆာများ၊ ခွေးအများ၊ အသိပညာပိုင်းနှင့် ကိုယ်ကျင့်တရားပိုင်းအရ ပျက်စီးနေသူများ စသည်ဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။
ကြယ်ငါးပွင့်လှုပ်ရှားမှုမှဖြစ်သည့် ရက်ဂီသည် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအရာရှိများကို လိမ်လည်ခဲ့ကြောင်း စွပ်စွဲခံရပြီး ရုံးတင်စစ်ဆေးခံခဲ့ရကာ လွန်ခဲ့သော ရုံးပိတ်ရက်များတွင် အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်ခဲ့သည်။ ရက်ဂီလွတ်မြောက်ခဲ့ပြီးနောက် ဒီမိုင်ယိုနှင့်အလက်ဇန္ဒရို ဒီ ဘာတစ္စတာတို့သည် ယင်းအမှုနှင့်ပတ်သက်၍ နှစ်များစွာကြာအောင် တစ်စိုက်မတ်မတ်သတင်းရယူခဲ့သည့် မီဒီယာကို ဝေဖန်ပြောဆိုခဲ့သည်။
အာဏာရပါတီ၏ဝေဖန်မှုသည် ဒီမိုကရေစီစနစ်ကို ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း၊ အရှုပ်တော်ပုံများတွင်ပါဝင်ခဲ့သည့် နိုင်ငံရေးသမားများကိုလည်း ရက်ဂီ၏အမှုကဲ့သို့ သတင်းရယူခဲ့ဖူးကြောင်း ဆန္ဒပြသူများကပြောဆိုခဲ့သည်။
နိုင်ငံရေးသမားများက ဂျာနယ်လစ်များကို ဝေဖန်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မကြာသေးမီလများအတွင်း ဝေဖန်မှုများသည် စော်ကားမှု၊ ခြိမ်းခြောက်မှုများအထိ မြင့်တက်လာခဲ့ကြောင်း လွမ်ဘာဒီသတင်းထောက်များအသင်းဥက္ကဋ္ဌ ပေါက်လို ပါရပ်ချီနီက ပြောဆိုခဲ့သည်။
နိုင်ငံကို အတွေးအမြင်တစ်ခုတည်းဖြင့် ထိန်းချုပ်လိုသူများသည် လွတ်လပ်စွာသတင်းအချက်အလက်ဖော်ပြခွင့်ကို စိုးရိမ်ကြကြောင်း ပါရပ်ချီနီက ပြောဆိုခဲ့သည်။

















