အိန္ဒိယတွင် အကြီးဆုံး အွန်လိုင်းလက်လီအရောင်းလုပ်ငန်း Flipkart အမှုဆောင်အရာရှိချုပ် ဘင်နီ ဘန်ဆဲသည် လုပ်ငန်းပိုင်းဆိုင်ရာ ကျင့်ဝတ်ဖောက်ဖျက်မှု သံသယများဖြင့် စုံစမ်းစစ်ဆေးခံရပြီးနောက် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်သည်။
မစ္စတာ ဘန်ဆဲသည် ပုဂ္ဂိုလ်ရေးပိုင်း ကျင့်ဝတ် ချိုးဖောက်ကြောင်း တိုင်ကြားလာသူရှိသဖြင့် Flipkart ကုမ္ပဏီနှင့် ၎င်းကို ပိုင်ဆိုင်သူ Walmart တို့က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ မစ္စတာ ဘန်ဆဲကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးမှုအရတိုင်ကြားချက်ကို အတည်ပြုနိုင်လောက်သည့် သက်သေအချက်အလက်များ မရရှိခဲ့သော်လည်း အခြားသော လုပ်ငန်းပိုင်းဆိုင်ရာ လစ်ဟာချက်များကို တွေ့ရှိခဲ့ရသည်။
မစ္စတာ ဘန်ဆဲသည် ကုမ္ပဏီတွင်း စုံစမ်းစစ်ဆေးမှုများကို တုံ့ပြန်ရာတွင် ပွင့်လင်းမြင်သာမှု မရှိဟု စစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
Walmart သည် Flipkart ကို ယခုနှစ်ဆန်းပိုင်းတွင် ဒေါ်လာ ၁၆ ဘီလျံဖြင့် ဝယ်ယူခဲ့သည်။ မစ္စတာ ဘန်ဆဲသည် Flipkart ကို ၂၀ဝ၇ ခုနှစ်တွင် ဆာချင်း ဘန်ဆဲနှင့် ပူးတွဲထူထောင်ခဲ့ခြင်းဖြစ်သည်။
Flipkart သည် စာအုပ်အစ အဝတ်အစားအလယ် အစားအသောက်အဆုံး ရောင်းချလျက်ရှိပြီးအိန္ဒိယတွင် အကြီးဆုံး အွန်လိုင်းလက်လီလုပ်ငန်းကြီးဖြစ်သည်။ အိန္ဒိယ အွန်လိုင်းလက်လီအရောင်းလုပ်ငန်းသည် ယခုနှစ်တွင် ဈေးကွက်တန်ဖိုး ဒေါ်လာ ၃၅ ဘီလျံရှိပြီး ၂၀၂၀ ခုနှစ်တွင် ဒေါ်လာ ဘီလျံ ၁၀ဝ ဖိုးထိ ရှိလာမည်ဖြစ်သည်။
ယခုနှစ်ဆန်းတွင် Walmart က ဒေါ်လာ ၁၆ ဘီလျံဖြင့် ဝယ်ယူလိုက်မှုကြောင့် Flipkart သည် အိန္ဒိယတွင် ဈေးကွက်တန်ဖိုးအကြီးဆုံး တက်သစ်စ လုပ်ငန်းအဖြစ်လည်း ရပ်တည်နိုင်ခဲ့သည်။

















