ဂျပန်နိုင်ငံတွင် ယခုနှစ်အတွင်း သဘာဝဘေးများ ပိုမိုကျရောက်ခဲ့သဖြင့် လုပ်ငန်းများထိခိုက်ကာ ပို့ကုန်ကဏ္ဍကမောက်ကမ ဖြစ်ခဲ့ရသောကြောင့် တတိယသုံးလပတ် စီးပွားတိုးနှုန်း ကျဆင်းခဲ့သည်။
ဇူလိုင်မှ စက်တင်ဘာအထိ တတိယသုံးလပတ်အတွင်း ဂျပန်စီးပွားသည် ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ အင်အားပြင်း ငလျင်နှင့် တိုင်ဖွန်းတို့ဒဏ်ကိုပါ ခံခဲ့ရသဖြင့် ဂျပန်စီးပွားသည် မျှော်လင့်ထားသည်ထက်ကို ကျဆင်းခဲ့သည်။
ဆယ်စုနှစ်များအတွင်း အဆိုးဆုံး ရေကြီးမှုလည်း ကြုံခဲ့ရကာ ငလျင်နှင့် တိုင်ဖွန်းတို့ကြောင့်လည်း စက်ရုံလုပ်ငန်းများ ထုတ်လုပ်မှု ထိခိုက်ခဲ့ရပြီး၊ ပြည်တွင်းသုံးစွဲနှုန်းများပါ ကျဆင်းခဲ့ရသည်။
ယခုနှစ်ဇူလိုင်တွင် နိုင်ငံအလယ်ပိုင်းနှင့် အနောက်ပိုင်းတို့၌ ဆယ်စုနှစ်အတွင်း အဆိုးဆုံး ရေကြီးမှုကြောင့် လူရှစ်သန်းကျော် အရေးပေါ် နေအိမ်စွန့်ခွာခဲ့ကြရပြီး၊ ၁၇၉ ဦး သေဆုံးကာ၊ ၇၀ ကျော် ပျောက်ဆုံးစာရင်းဝင်လျက်ရှိသည်။
၁၉၈၂ ခုနှစ်နောက်ပိုင်း ဂျပန်တွင် မိုးကြီး ရေကြီးမှုကြောင့် လူသေဆုံးမှုအများဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
အမေရိကန်နှင့် တရုတ်တို့ ကုန်သွယ်ရေးစစ်ပွဲအရှိန်မြင့်တက်နေခြင်းကြောင့် ကမ္ဘာ့ကုန်သွယ်ရေးနှင့် စီးပွားတိုးတက်ရေးကိုပါ ထိခိုက်ခဲ့ရခြင်းသည်လည်း ဂျပန်စီးပွားကျဆင်းခြင်းအပေါ် သက်ရောက်မှု ရှိခဲ့သည်။
ရိုက်တာ၏ စီးပွားစစ်တမ်းအရလည်း တတိယသုံးလပတ် ဂျပန်စီးပွားသည် တစ်ရာခိုင်နှုန်း ကျဆင်းသည်ဟု အဖြေထွက်ထားသည်။
ပို့ကုန်ကဏ္ဍသည် ဒုတိယသုံးလပတ်နှင့်ယှဉ်လျှင် တတိယသုံးလပတ်တွင် ၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားပြီး ပြီးခဲ့သော သုံးနှစ်အတွင်း စံချိန်တင်ကျဆင်းမှုဖြစ်သည်။

















