အသက် ၁၃ နှစ်သား မွေ့ထိုင်းလက်ဝှေ့သမား သေဆုံးခဲ့ပြီးနောက် ကလေးများကို ပြိုင်ပွဲဝင်ခိုင်းသင့်မသင့် ငြင်းခုန်မှုများရှိလာ

အသက် ၁၃ နှစ်သား မွေ့ထိုင်းလက်ဝှေ့သမား သေဆုံးခဲ့ပြီးနောက် ကလေးများကို ပြိုင်ပွဲဝင်ခိုင်းသင့်မသင့် ငြင်းခုန်မှုများရှိလာ

ထိုင်းနိုင်ငံ၌ ရိုးရာ မွေ့ထိုင်းလက်ဝှေ့ပြိုင်ပွဲတစ်ခုအတွင်း အသက် ၁၃ နှစ်အရွယ် လက်ဝှေ့သမားတစ်ဦးသေဆုံးခဲ့ပြီးနောက် လက်ဝှေ့ပြိုင်ပွဲများ၌ ကလေးငယ်များပါဝင်ယှဉ်ပြိုင်စေသင့်မသင့်နှင့်ပတ်သက်၍ ဆွေးနွေးငြင်းခုန်မှုများရှိလာပြီဖြစ်သည်။

ဗန်ကောက်မြို့ ဆင်ခြေဖုံး ဆာမတ်ပရာကန်၌ နိုဝင်ဘာ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည့် မွေ့ထိုင်းလက်ဝှေ့ပြိုင်ပွဲ၏ပွဲစဉ်တစ်ခုပြီးနောက် အနူချာတာဆာကို သေဆုံးခဲ့ခြင်းဖြစ်သည်။ အနူချာ တာဆာကိုသည် ဦးနှောက်တွင်းသွေးယိုပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လက်ဝှေ့ပွဲကိုတာဝန်ယူထားသည့် မွေ့ထိုင်းကရော့ဝန်ဂျွန်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်ဖော်ပြထားသည်။ 
မွေ့ထိုင်းပြိုင်ပွဲများ၌ ဦးခေါင်းထိခိုက်မှုမရှိစေရန် အကာအကွယ်များကိုဝတ်ဆင်ခြင်းမရှိချေ။
    ထိုင်းနိုင်ငံရှိ ကျေးလက်ဒေသများတွင် ကလေးများသည် မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာပေးရန်နှင့် ဆင်းရဲတွင်းမှလွတ်စေရန် ရိုးရာလက်ဝှေ့ကိုလေ့ကျင့်ကာ ပြိုင်ပွဲဝင်တတ်ကြသည်။

အသက် ၁၅ နှစ်အောက် ကလေးများ ဦးနှောက်အကြီးအကျယ်ထိခိုက်နိုင်ကြောင်း မဟိဒေါတက္ကသိုလ်က လွန်ခဲ့သောလတွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှုတစ်ခုတွင်ဖော်ပြထားသည်။
    အသက် ၁၂ နှစ်အောက် ကလေးများတွင် မွေ့ထိုင်းလက်ဝှေ့ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ရန် အဆိုနှင့်ပတ်သက်၍ ထိုင်းလွှတ်တော်အမတ်များ ဆွေးနွေးနေကြပြီဖြစ်သည်။

သို့သော် မွေ့ထိုင်းကိုထောက်ခံသူများကမူ ဥပဒေထုတ်ကြပ်မတ်မည်ကို မလိုလားကြချေ။ 
ဥပဒေရေးဆွဲသူများသည် မွေ့ထိုင်းလက်ဝှေ့အကြောင်းကို မသိနားမလည်သူများဖြစ်ကြပြီး ၎င်းတို့လုပ်ရပ်ကြောင့် မွေ့ထိုင်းလက်ဝှေ့ပညာ ပျောက်ကွယ်သွားနိုင်ကြောင်း လက်ဝှေ့လေ့ကျင့်ရေးစခန်းများစွာကိုကိ်ုယ်စားပြုသည့် ရှေ့နေ ဆူခရစ် ပရဲကရိသာဝပ်ကပြောဆိုခဲ့သည်။
    ပတ်ချ်မွန်ကို အက်စ် ဝီလိုင်တွန်အမည်ဖြင့် လက်ဝှေ့ထိုးသတ်ခဲ့သည့် အသက် ၁၃ နှစ်သားကလေးငယ် သေဆုံးမှုသည် ဖြစ်ခေါင့်ဖြစ်ခဲဖြစ်ရပ်ဖြစ်ပြီး စီစဉ်ပုံညံ့ဖျင်းခြင်းကြောင့်ဖြစ်ကြောင်း ဆူခရစ်က ပြောဆိုခဲ့သည်။

သေဆုံးသူ ကလေးငယ်သည် အသက် ၈ နှစ်အရွယ်တွင် စတင်လက်ဝှေ့ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲ ၁၇၀ ကျော်ထိုးသတ်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံဌာန ထိုင်းပီဘီအက်စ်က ထုတ်ပြန်ခဲ့သည်။