တရုတ်ဘုန်းကြီး အယောင်ဆောင်ကာ လိုက်လံ အလှူခံနေသူများကို အရေးယူမည်

တရုတ်ဘုန်းကြီး အယောင်ဆောင်ကာ လိုက်လံ အလှူခံနေသူများကို အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွင်း တရုတ်ဘုန်းကြီးအယောင်ဆောင်ကာ လိုက်လံ အလှူခံနေသူများကို တွေ့ရှိပါက အရေးယူနိုင်ရန် ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း ရန်ကုန်ကွမ်ရင် စန်းတာ့ပိန်ကျောင်းတိုက်ဆရာတော် အရှင်ဓမ္မရက္ခိတက မြန်မာတိုင်းမ်ကို မိန့်ကြားသည်။ 

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တရုတ်ဘုန်းကြီးသင်္ကန်းဝတ်ဖြင့်ဈေးများ၊ကျောင်းများနှင့်စားသောက် ဆိုင်များသို့ ပုတီးရောင်းချကာ အလှူခံနေမှုများရှိနေသည့်ဗီဒီယိုဖိုင်များပျံနှံလျက်ရှိပြီး ဝေဖန်မှုများလည်း မြင့်တက်ခဲ့သည်။ 
" သူတို့ ပုတီးရောင်းရင် ဒီအတိုင်းရောင်းလို့ရတယ်။ တရုတ်ဘုန်းကြီးသင်္ကန်းဝတ်ပြီး မြန်မာလူမျိုး တွေရဲ့ တရုတ်ဗုဒ္ဓဘာသာဘုန်းကြီးတွေအပေါ်မှာထားတဲ့ သဒ္ဒါတရားယိုဖိတ်လို့ လှူဒါန်းတဲ့အလှူ အပေါ် မတော်လောဘစိတ်နဲ့ မထားသင့်ဘူး" ဟု ဆရာတော်အရှင်ဓမ္မရိက္ခိတက မိန့်ကြားသည်။ 
''လူမှုကွန်ရက် အွန်လိုင်းစာမျက်နှာတွေပေါ်မှာတက်လာတဲ့အတွက် ဗုဒ္ဓဘာသာနိုင်ငံမှာ ဒီလိုမျိုး တရုတ်ဘုန်းကြီးအယောင်ဆောင်ပြီး အလှူခံတဲ့ ပုံစံမျိုးမလုပ်သင့်ဘူး။ မနေ့က ပန်းဘဲတန်းရဲစခန်းနားမှာ အဲဒီလိုမျိုးအယောင်ဆောင်တဲ့ တရုတ်ဘုန်းကြီးတွေ့လို့ ဖမ်းတယ်။ ပန်းဘဲတန်းရဲစခန်းကို ပို့တယ်။ မဟာသိမ်တော်ကြီး ဆရာတော်ရှေ့မှာ သင်္ကန်းချွတ်လူဝတ်လဲပြီး ရဲစခန်းကို ပြန်အပ်တယ်။ နောက်ဆုံးခံဝန်လက်မှတ်ထိုးပြီး ပြန်လွှတ်လိုက်တယ်။ သူဆိုရင် မြန်မာနိုင်ငံကို ရောက်တာသုံးခေါက်ရှိနေပြီ။ နှစ် ခေါက်က ဗီဇာကျော်နေတယ်။ ဒီအတိုင်းအခွန်ဆောင်ပြီး ပြန်သွားတယ်။ အခု ဒီတစ်ခေါက်တော့ ဗီဇာရှိသေးတယ်။ " ဟု ဆရာတော်က မိန့်ကြားသည်။ 
ရန်ကုန်မြို့အတွင်း ထိုသို့ လာရောက်အလှူခံသူ ကိုးဦးရှိပြီး ငါးဦးမှာ တရုတ်ပြည်သို့ ပြန်သွားပြီဖြစ်ကာ လေး ဦးကျန်ရှိနေသည်။ယမန်နေ့က ဖမ်းဆီးခဲ့သူ ဟော်ယင်ကွေ့ ဆိုသူမှာ ပန်းဘဲတန်းမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေထိုင်သူဖြစ်သည်။ 
" ဂျေဒိုးနတ်ကော်ဖီဆိုင်မှာ ထိုင်နေတုန်း တရုတ်ဘုန်းကြီးသင်္ကန်းဝတ်နဲ့ ရဟန်းတစ်ပါးဝင်လာတယ်။ ပါးစပ်က တရုတ်လို ဆုတောင်းမေတ္တာပို့ပြီး လက်ထဲကို ပုတီးစွပ်ပေးတယ်။ အဲဒါနဲ့ ငွေအကြွေလှူ လိုက်တယ်။ သူက ဒါမဟုတ်ဘူးတဲ့ ၃၀ဝ၀ တောင်းတယ်။ အဲဒါနဲ့ ပုတီးမယူတော့ဘူးဆိုပြီး အကြွေပဲ လှူလိုက်ရတယ်" ဟု ကျောက်တံတားမြို့နယ် လမ်း ၄၀ တွင်နေထိုင်သူ မခင်မာအောင်က ပြောသည်။ 
တရုတ်ရဟန်းတွေက ယနေ့ခေတ်မှာလမ်းပေါ်ထွက်ပြီး လိုက်လံ အလှူခံခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံ တွင်ရှိနေသည့် တရုတ်ရဟန်းတော်များမှာလည်း ထိုနည်းတူပင်ဖြစ်ခြင်းကြောင့် လမ်းပေါ် တွင် တရုတ်ရဟန်းသင်္ကန်းဝတ်ဖြင့်အလှူခံနေခြင်းတွေ့ရှိပါက အတုယောင်ပင်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။ 
" ဦးဇင်း သူတို့တွေကို တွေ့မလားဆိုပြီး မနက်ပိုင်း၊ နေလည်ပိုင်း ဆွမ်းစားပြီးချိန်မှာ ကားနဲ့ပတ်ပြီး လိုက်ဖမ်းတယ်မတွေ့ခဲ့ဘူး၊တွေ့ရင် 098501660 ကိုဆက်သွယ်အကြောင်းကြားနိုင်ပါတယ်" ဟု ရန်ကုန်ကွမ်ရင် စန်းတာ့ပိန်ကျောင်းတိုက်ဆရာတော် အရှင်ဓမ္မရက္ခိတက မိန့်ကြားသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး