ဆူဇူကီးဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် အနိုင်သုံးမှတ်ရယူထားနိုင်ခဲ့သည့် နည်းပြချုပ် အန်တွမ်နီဟေးလ်က လာအိုအသင်းနှင့်ပွဲ၌ အနိုင်သုံးမှတ်အတွက် ယုံကြည်ချက်မရှိပါက မြန်မာ့လက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူနေမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ခက်ခဲမည်
မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(က)ဒုတိယမြောက်ပွဲအဖြစ် နိုဝင်ဘာ ၁၆ရက် ဒေသစံတော်ချိန် ည ရနာရီခွဲတွင် အဝေးကွင်း၌ လာအိုအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ လာအိုအသင်းနှင့်ပွဲမှာ မြန်မာအသင်းအတွက် ယခုပြိုင်ပွဲ၏ ပထမဆုံးအဝေးကွင်းပွဲစဉ်ဖြစ်ပြီး လာအိုအသင်းအတွက် ဒုတိယမြောက် အိမ်ကွင်းလက်ခံကစားရသည့် ပွဲဖြစ်သည်။ " လာအိုအသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ရမယ့်ပွဲက ခက်ခဲမှာပါ။ ဒီပွဲအတွက် အစီအစဉ်တွေ သေချာချထားပြီးပါပြီ။ လာအိုနဲ့ပွဲမှာ အနိုင်ရလဒ်အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုသာမရှိဘူးဆိုရင် မြန်မာအသင်းနည်းပြချုပ်အဖြစ် တာဝန်ယူနေမှာမဟုတ်ပါဘူး" ဟု အန်တွမ်နီဟေးလ်က ပြောဆိုခဲ့သည်။
လာအိုအသင်းမှာ ဆူဇူကီးပြိုင်ပွဲ အုပ်စုပွဲစဉ် နှစ်ပွဲကစားခဲ့ပြီးရာတွင် အိမ်ကွင်း၌ ဗီယက်နမ်အသင်းကို သုံးဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ထားပြီး အဝေးကွင်း၌ မလေးရှားအသင်းကို သုံးဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ထားခဲ့၍ နောက်တစ်ဆင့်တက်ရန် အခွင့်အရေး နည်းပါးနေပြီဖြစ်သည်။
အစီအစဉ်မရှိ
ဆက်စပ်သတင်းများအရ တိုက်စစ်မှူးအောင်သူမှာ မြန်မာအသင်း၏ အဓိကတိုက်စစ်မှူး တစ်ဦးဖြစ်သော်လည်း မိနစ် ၉ဝပြည့်သုံးရန် အစီအစဉ်မရှိဟု နည်းပြချုပ် အန်တွမ်နီဟေးလ်က ဖွင့်ဟခဲ့သည်။ " အောင်သူက အသင်းရဲ့ အဓိကတိုက်စစ်မှူးဆိုတာ သံသယဖြစ်စရာမရှိပါဘူ။ ကမ္ဘောဒီးယားနဲ့ပွဲမှာ သူဝင်လာပြီးနောက်ပိုင်း မြန်မာတိုက်စစ် အသက်ဝင်လာတာက သက်သေပဲလေ။ ဒါပေမယ့် တိုက်စစ်ပိုင်းမှာ အခွင့်အရေးပေးရမယ့် ကစားသမားတွေရှိပါတယ်။ ဒါကြောင့် အောင်သူကို မိနစ်၉ဝပြည့်သုံးဖို့ အစီအစဉ်မရှိပါဘူး" ဟု ၎င်းက ပြောဆိုခဲ့သည်။
တိုက်စစ်မှူးအောင်သူသည် ပူးလ်လစ်တယ်ရိုကလပ်၌ ကစားစဉ်က လက်ကောက်ဝတ် အရိုးအက်ဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိအချိန်၌ သက်သာပျောက်ကင်းနေပြီဖြစ်သော်လည်း ကမ္ဘောဒီးယားနှင့်ပွဲနှင့် အသင်းလေ့ကျင့်ရေးများတွင် ဒဏ်ရာထပ်မံမရရှိရန် ပတ်တီးစီး၍ ကစားနေရသည်။















