၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲ အုပ်(ဂ)ပထမဖြင့် ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ပိုင်ဆိုင်သည့် Max High Way ကုမ္ပဏီလိမိတက်က ကျပ်သိန်း ၁ဝဝချီးမြှင့်ခဲ့ကြောင်း သိရသည်။
တက်လှမ်းနိုင်ခဲ့
ပထမအဆင့်ခြေစစ်ပွဲ အုပ်စု(ဂ) နောက်ဆုံးပွဲစဉ်များကို နိုဝင်ဘာ ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်မြန်မာအသင်းသည် အိန္ဒိယအသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး အုပ်စုပထမဖြင့် ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
မြန်မာအသင်းသည် အုပ်စု သုံးပွဲ ကစားပြီးချိန်တွင် နှစ်ပွဲ နိုင်၊ တစ်ပွဲ သရေ ရှုံးပွဲမရှိ ရမှတ် ခုနစ်မှတ် ဖြင့် အုပ်စုပထမရရှိခဲ့သဖြင့် Max High Way ကုမ္ပဏီလိမိတက် စီမံခန့်ခွဲရေး ဒါရိုက်တာ ဦးဆန်းလင်းဝင်းက ဆုငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ခဲ့သည်။
ကစားရမည်
ခြေစစ်ပွဲ ဒုတိယအဆင့်သို့ မြန်မာအသင်းနည်းတူ အိန္ဒိယအသင်းသည်လည်း အုပ်စုဒုတိယဖြင့် တက်ရောက်နိုင်ခဲ့ပြီး နီပေါအသင်းမှာလည်း အကောင်းဆုံး အုပ်စုတတိယဖြင့် ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ဒုတိယအဆင့်ပြိုင်ပွဲသို့ တရုတ်တိုင်ပေ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ ဂျော်ဒန်၊ မြန်မာ၊ ပါလက်စတိုင်း၊ နီပေါနှင့် ဖိလစ်ပိုင်အသင်းသို့ တက်ရောက်နိုင်ခဲ့ပြီး ဥဇဘတ်ကစ္စတန်နှင့် ဗီယက်နမ်အသင်းတို့မှာ ဒုတိယအဆင့်ပြိုင်ပွဲမှ စတင်ကစားရမည်ဖြစ်သည်။
ဒုတိယအဆင့်ပြိုင်ပွဲကို လေးသင်း သုံးအုပ်စုခွဲကာ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်မှ ၉ရက်အထိ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။















