ရထားသံလမ်းအနီး ထိုးသွင်းဒဏ်ရာအချက် ၃၀ ခန့်ဖြင့် အမျိုးသားတစ်ဦး သေဆုံးနေ

ရထားသံလမ်းအနီး ထိုးသွင်းဒဏ်ရာအချက် ၃၀ ခန့်ဖြင့် အမျိုးသားတစ်ဦး သေဆုံးနေ

ပြည်မြို့ တီတွတ် စံပြကျေးရွာအရှေ့ဘက် ရထားသံလမ်းအနီး ထိုးသွင်းဒဏ်ရာအချက် ၃၀ ခန့်ဖြင့် အမျိုးသားတစ်ဦး သေဆုံးနေမှုကို သက်ဆိုင်ရာက ယနေ့ (နိုဝင်ဘာ ၁၄ ရက်)တွင် အမှုဖွင့် စုံစမ်းလျက်ရှိသည်။

ယနေ့ နံနက် ၆ နာရီခန့်က ပြည်မြို့ ထမ္မကောက်ကျေးရွာအုပ်စု ၊ တီတွတ် စံပြကျေးရွာ အရှေ့ဘက် ၊ ရထားသံလမ်းအနီး ခန္ဓာကိုယ်အနှံ့တွင် ထိုးသွင်းဒဏ်ရာများရရှိကာ အမျိုးသား တစ်ဦး သေဆုံးနေကြောင်းသတင်းအရ ပြည်မြို့ အမှတ် ၃ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ အသက် ၂၀ အရွယ်ခန့် အမျိုးသားတစ်ဦးဖြစ်ပြီး ရင်ညွန့်၊လည်ပင်း၊ဝမ်းဗိုက်၊လက်၊ နံစောင်း တို့တွင် ထိုးသွင်းဒဏ်ရာ အချက် ၃၀ ခန့်ရရှိသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

သေဆုံးသူမှာ ပြည်မြို့ ရွှေတံခါးရပ်ကွက်နေ ဧည့်ကြိုဝန်ထမ်းလုပ်ကိုင်သူဖြစ်ပြီး မသေဆုံးမီ နိုဝင်ဘာ ၁၃ ရက်နေ့ ညပိုင်းတွင် သူငယ်ချင်းဖြစ်သူက နေအိမ်သို့လာရောက်ခေါ်ဆောင်သွားခဲ့ရာမှ အဆိုပါ ရထားလမ်းအနီး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ 

သေဆုံးမှုနှင့်ပတ်သက်၍ ပြည်မြို့ အမှတ် ၃ နယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိသည်။