ရှားပါးပန်းရောင်စိန် ကမ္ဘာ့စံချိန်တင်ဈေးဖြင့် လေလံတင်ရောင်းချ

ရှားပါးပန်းရောင်စိန် ကမ္ဘာ့စံချိန်တင်ဈေးဖြင့် လေလံတင်ရောင်းချ

ရှားပါးပန်းရောင်စိန်ပွင့်ကို လေလံတင်ရောင်းချခဲ့ရာ ဒေါ်လာ သန်း ၅၀ ရရှိခဲ့ပြီး တစ်ကာရတ်ချင်း ကမ္ဘာ့ဈေးအမြင့်ဆုံး စံချိန်တင်ရရှိခဲ့ခြင်းဖြစ်သည်။

ပန်းရောင်အမွေအနှစ်ဟု အမည်ပေးထားသည့် စိန်ပွင့်သည် ၁၉ ကာရတ်ရှိပြီး ဂျနီဗာမြို့ လေလံပွဲ၌ အမေရိကန်ကုမ္ပဏီ ဟာရီ  ဝပ်ဆန်က ဝယ်ယူသွားခြင်းဖြစ်သည်။ 
တစ်ကာရတ်လျှင် ဒေါ်လာ ၂ ဒသမ ၆  သန်းထိ ရရှိခဲ့ခြင်းဖြစ်သောကြောင့် ကမ္ဘာ့စံချိန်တင်ဈေးနှုန်းဖြစ်သည်ဟု ခရစ္စတီး လေလံကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။ ဒေါ်လာ သန်း ၃၀ မှ ၅၀ ကြား ရရှိမည်ဟု ကြိုတင်ခန့်မှန်းထားခဲ့ရာ လေလံပစ်ပြီး ငါးမိနစ်အတွင်းမှာပင် အမြင့်ဆုံး ဒေါ်လာ သန်း ၅၀ ထိ ဈေးပေးဝယ်ယူသွားခြင်းဖြစ်သည်။ 
ရှားပါးစိန်ပွင့် ပိုင်ရှင်သစ်က စိန်ပွင့်ကို ဝပ်ဆန် ပန်းရောင်အမွေအနှစ် ဟု အမည်သစ် မှည့်လိုက်သည်။ 
    ထိုစိန်ပွင့်ကို အိုပန်ဟိုင်မာမိသားစုက ယခင်က ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံး စိန်ပွင့်များထဲတွင် အပါအဝင်ဖြစ်သည်ဟု ခရစ္စတီး နိုင်ငံတကာ လက်ဝတ်ရတနာ လေလံလုပ်ငန်းဌာန အကြီးအကဲ ရာဟူး ကာဒါကီကလည်း မှတ်ချက်ပေး ပြောကြားသည်။ 
    ယခုစိန်ပွင့်သည် အရောင်သိပ်သည်းဆ အမြင့်ဆုံး ပန်းရောင်စိန်ပွင့်ဖြစ်သည်။ ပန်းရောင်အမွေအနှစ် စိန်ရိုင်းတုံးကို လွန်ခဲ့သော နှစ်တစ်ရာကျော်က တောင်အာဖရိက မိုင်းတွင်းမှ  တူးဖော်ရရှိခဲ့ခြင်းဖြစ်ပြီး ၁၉၂၀ ပြည့်နှစ်က ပထမဆုံးအကြိမ် သွေးထားခဲ့သည့် စိန်အနေအထားအတိုင်း နဂိုမပျက် ရှိနေကြောင်းလည်း ခရစ္စတီး လေလံလုပ်ငန်းက ဆိုသည်။