မြောက်ကိုရီးယား စီးပွားရေးကို အင်အားဖြည့်တင်းရန် ကင်ဂျုံအန်းကြိုးပမ်း

မြောက်ကိုရီးယား စီးပွားရေးကို အင်အားဖြည့်တင်းရန် ကင်ဂျုံအန်းကြိုးပမ်း

ပြုံယန်း  (မြောက်ကိုရီးယား)-မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ဖခင်ဖြစ်သူက နျူကလီးယား ဓာတ်ပေါင်းဖိုနှစ်ခုဝယ်ယူရန် ဈေးဆစ်ညှိနှိုင်းခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ ကျော် အကြာတွင် ကင်ဂျုံအန်းသည် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားသော်လည်း မြောက်ကိုရီးယားသည် ယခုအချိန်အထိပင် လျှပ်စစ်ဓာတ်အားကို လုံလောက်စွာ သုံးစွဲနိုင်ခြင်းမရှိသေးပေ။

ပြည်သူလူထုအများစုမှာလည်း မှောင်လွန်းသောညများနှင့် ကြုံနေရဆဲပင်ဖြစ်သည်။ ရာသီဥတုကြည်လင်သည့် နေ့များမှာပင် ပြုံယန်းမြို့လယ်ကောင်တွင် မီးခိုးခေါင်းတိုင် အမြင့်ကြီးနှစ်ခုမှ မီးခိုးများထွက်နေသည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးရှိသည်။ ဆိုဗီယက်ပြည်ထောင်စုခေတ်က ရရှိသည့် ပြုံယန်းအပူနှင့် စွမ်းအင်ပေါင်းစပ်စက်ရုံမှ မီးခိုးခေါင်းတိုင်များသည် မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယန်း၏ အထင်ရှားဆုံး အဓိက အဆောက်အအုံများထဲမှ တစ်ခုပင်ဖြစ်သည်။

နျူကလီးယား လက်နက်များ တိုးတက်တည်ဆောက်ရေးဘက်မှ နိုင်ငံ၏ စီးပွားရေးတည်ဆောက်မှုဘက်သို့ အခြားအရေးကိစ္စများထက်ပိုမို အာရုံပြောင်းလိုက်ခြင်းသည် ကင်ဂျုံအန်း၏ ပျော့ကွက်ဖြစ်သည်။ အကယ်၍ ဝါရှင်တန်နှင့် မပြီးမပြတ်ဖြစ်နေသည့် နျူကလီးယားဆွေးနွေးပွဲများ ပြန်လည်စတင်ပါက မြောက်ကိုရီးယား၏ စွမ်းအင်လိုအပ်ချက်ကို ကူညီဖြေရှင်းပေးခြင်းသည် သမ္မတထရမ့် ကမ်းလှမ်းမည့် အကြီးမားဆုံးအရာဖြစ်နိုင်သည်။ ဝါရှင်တန်၊ ဆိုးလ်နှင့် တိုကျိုသည် ထိုကိစ္စကို ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ကြိုးပမ်းခဲ့ကာ ကင်၏ဖခင်လိုလားသည့် ဓာတ်ပေါင်းဖိုနှစ်ခု တည်ဆောက်ရန် ထောက်ပံ့ရေး အကူအညီများပေးရေးအတွက် အဆင်သင့်ဖြစ်နေခဲ့သည်။

နှစ်ပေါင်းများစွာ ပြင်းထန်သည့် စီးပွားရေးဒဏ်ခတ်မှုများကြောင့် ပြင်ပမှတင်သွင်းနေရသည့် မြောက်ကိုရီးယား၏ လောင်စာဆီကိစ္စကို ဆိုးဆိုးဝါးဝါးထိခိုက်သော်လည်း စွမ်းအင်အရင်းအမြစ်များမှ တချို့ကို ဖြန့်ဖြူးပေးသည့် ကွန်ရက်ပြင်ပနှင့် တချို့ကို တရားမဝင်နည်းလမ်းဖြင့် ရယူရန် မြောက်ကိုရီးယားနိုင်ငံကို အဆိုပါနိုင်ငံများက စေ့ဆော်တွန်းအားပေးသကဲ့သို့ဖြစ်ခဲ့သည်။

လူဦးရေ ၂၅ သန်းရှိ မြောက်ကိုရီးယားတစ်နိုင်ငံလုံးသည် နှစ်စဉ် လျှပ်စစ် ဓာတ်အား ပမာဏသုံးစွဲမှုမှာ ဝါရှင်တန်ဒီစီနှင့် အတူတူပင်ဖြစ်သည်။ တောင်ကိုရီးယားသည် မြောက်ကိုရီးယားထက် လူဦးရေနှစ်ဆခန့်ရှိသော်လည်း ယင်း၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ၂၀၁၄ ခုနှစ်က အဆ ၄၀ ခန့်များသည်။ ရာသီဥတုအလိုက် ပြောင်းလဲနေသော ရေအားလျှပ်စစ်မှာ တိုင်းပြည်၏ လျှပ်စစ်ဖြန့်ဖြူးပေးသောကွန်ရက်၏ ထက်ဝက်ခန့်ကို ဖြည့်ဆည်းပေးသည်။ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဖြန့်ဖြူးပေးခြင်းမှာ အခြားထက်ဝက်ဖြစ်သည်။

ပြုံယန်းအလယ်ပိုင်းအတွက် လျှပ်စစ်နှင့် ရေနွေးအများစုကို ထောက်ပံ့ပေးနေသော ပြုံယန်းရှိ မီးခိုးထွက်နေသော ဓာတ်အားပေးစက်ရုံမှာ ၁၉၆၀ ပြည့်လွန်နှစ်များကတည်းက တည်ရှိခဲ့သည်။ မြို့ကို ကန့်လန့်ဖြတ်တည်ရှိသော တွန်ဂေးလ်လမ်းမကျယ်ရှိ ကွန်ကရစ် တိုက်ခန်း အဆောက်အအုံကြီးများရှိ မီးအလင်းရောင်မှာ ၁၉၈၀ ပြည့်လွန်နှစ်များက ဆိုဗီယက်ပြည်ထောင်စုခေတ် ရုရှားနိုင်ငံကတည်ဆောက်ပေးခဲ့သည့် ပြုံယန်းအရှေ့ပိုင်းအပူဓာတ်အားပေးစက်ရုံ၏ ကျေးဇူးကြောင့် ဖြစ်သည်။ မြောက်ကိုရီးယားတွင် လျှပ်စစ်ဓာတ်အားကို  မညီမမျှ ဖြန့်ဝေပေးနေရသည်။

မြို့တော်ရှိ အထင်ကရနေရာများနှင့် ကျောက်မီးသွေး၊ သို့မဟုတ် ရေအားလျှပ်စစ် စက်ရုံများနှင့်နီးသည့် မြို့များသည် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိသည်။ စစ်တပ်အဆောက်အအုံများသည်လည်း ဦးစားပေးမှုရကာ ၎င်းတို့ ကိုယ်ပိုင်ဓာတ်အားပေးစက်ရုံရှိတတ်သည်။ အရေးကြီးသော ပါတီနှင့် အစိုးရလုပ်ငန်းများ၊ ချမ်းသာသည့် လူနေအိမ်အချို့နှင့် ပြုံယန်းရှိ ဟိုတယ်များနှင့် စားသောက်ဆိုင်အချို့လည်း လျှပ်စစ်မီးရရှိသည်။

ယခုထက်အထိ အဆင့်မြင့်နေရာအတော်များများမှာပင် လျှပ်စစ်မီးမှာ မှိတ်တုတ် မှိတ်တုတ် လာလိုက် ပြတ်လိုက်ဖြစ်သည်။ ကျေးလက်ကျေးရွာများတွင်မူ မကြာခဏ မှောင်မည်းလျက်ရှိသည်။

မြောက်ကိုရီးယားသည် ၎င်း၏ စီးပွားရေးကို ထိန်းထားရန် နှစ်စဉ် ရေနံစိမ်းစည်ပေါင်း သုံးသန်း၊ လေးသန်းခန့် တင်သွင်းရမည်ဖြစ်သည်။ ရေနံစိမ်းအများစုမှာ ပိုက်လိုင်းတစ်ခုမှ သွယ်ယူထားခြင်းဖြစ်သည်။

တရုတ်နှင့် မြောက်ကိုရီးယား သွယ်တန်းထားသည့် ချစ်ကြည်ရေး ရေနံပိုက်လိုင်းမှာ ရာလူးမြစ်အောက်မှဖြတ်ကာ နယ်စပ်မြို့ဒန်ဒေါင်းမှတစ်ဆင့် စင်အူဂျူးမြို့ အပြင်ဘက် ၁၃ ကီလိုမီတာခန့်အကွာ မြောက်ကိုရီးယားဘက်ခြမ်းရှိ ရေနံသိုလှောင်နေရာသို့ ဆက်သွယ် ထားသည်။ ထိုမှတစ်ဆင့် နိုင်ငံတစ်ဝန်းသို့ ထရပ်ကားများဖြင့် ပို့ဆောင်ခြင်း၊ အရှေ့ဘက်ကမ်းခြေသို့ ရထားဖြင့် ပို့ဆောင်ကာ မန်ချွန်ဆိပ်ကမ်း၌ သိုလှောင်ထားသည်။

တရုတ်နှင့် ဆက်သွယ်ထားသည့်နည်းတူ မြောက်ကိုရီးယားသည် ရုရှားရေနံတင်သင်္ဘောများ၏ ထောက်ပံ့မှုကိုရရှိကာ အဆိုပါ သင်္ဘောများက ရေနံနှင့်ရေနံထွက်ကုန်ပစ္စည်းများအား မန်ချွန်နှင့် အခြားအရှေ့ဘက်ကမ်း ဆိပ်ကမ်း ဟန်နမ်သို့ ပို့ဆောင်ပေးသည်။

အရှေ့အလယ်ပိုင်းနှင့် လွတ်လပ်သောဈေးကွက်မှ ရေနံတင်သွင်းပေးလိုသူများကိုလည်း တွေ့ရသည်။ သွင်းကုန်ကန့်သတ်ချက်ပြဋ္ဌာန်းပြီးကတည်းက ပြုံယန်းသည် ပင်လယ်ပြင်တွင်ရေနံတင် သင်္ဘောများမှ ရေနံများပြောင်းရွှေ့ ယူဆောင်မှု တိုးလာရန် တဖြည်းဖြည်းနှင့် ရှုပ်ထွေးလာသည့် စနစ်များဖြင့် ပါဝင်ပတ်သက်နေသည်။

ထို့ပြင် ဒီဇယ်နှင့်ဓာတ်ဆီ စွမ်းအင်သုံးမီးစက်များ တင်သွင်းခြင်းနှင့်အတူ  မြောက်ကိုရီးယားတွင် နေရာအနှံ့ရှိနေသော နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများသည် နိုင်ငံ၏ လျှပ်စစ်ဖြန့်ဖြူးမှုကွန်ရက်တွင် တဖြည်းဖြည်းနှင့် မိမိဘာသာရပ်တည်နိုင်သော စွမ်းအင်စနစ်တစ်ခု ဖြစ်ပေါ်နေသည်ဟု ယခုလအတွင်း ထုတ်ပြန်သည့် လေ့လာမှုတစ်ခုအရ သိရှိရသည်။

နွယ်နွယ်ယဉ် ဘာသာပြန်သည်။