ဆိုးလ်-မြောက်ကိုရီးယားက ယခုနှစ် စက်တင်ဘာလအတွင်း တောင်ကိုရီးယားနိုင်ငံသို့ မှိုအမြောက်အမြား သင်္ဘောဖြင့် တင်ပေးမှုကို အပြန်အလှန် သဘောအရ တောင်ကိုရီးယားကလည်း ထောင်ပေါင်းများစွာသော လိမ္မော်သီး များကို လေယာဉ်ဖြင့် မြောက်ကိုရီး ယားနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း ဆိုးလ်မှ တာဝန်ရှိသူများက နိုဝင်ဘာ ၁၂ ရက်၌ ဆိုသည်။
နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် လိမ္မော်သီးတန်ချိန် ၂၀ဝ ကို မြောက်ကို ရီးယားသို့ ပို့မည်ဖြစ်ရာ သစ်သီးများကို တင်ပို့ရန် နိုဝင်ဘာ ၁၁ ရက်၌ စစ် လေယာဉ်များ ပြုံယန်းသို့ နှစ်ကြိမ် ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဌာနက ဆိုသည်။ ပြုံယန်းမြို့တွင် စက်တင်ဘာလ၌ ကိုရီးယားနှစ်နိုင်ငံကြား ဆွေးနွေးပွဲ အပြီး မြောက်ကိုရီးယားက ချစ်ကြည် ရင်းနှီးမှုအဖြစ် မှိုနှစ်တန်ကို တောင်ကို ရီးယားသို့ ပေးခဲ့သည်။ လိမ္မော်သီး တင်ပို့ခြင်းသည် ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေး ပိုကောင်းရန် အားထုတ် မှုများကို တွန်းအားပေးသည့် လက္ခဏာတစ်ခုဖြစ်သည်။
တောင်ကိုရီးယားသမ္မတ မွန်ဂျေ အင်းသည် အမေရိကန်ပြည်ထောင်စု-မြောက်ကိုရီးယား နည်းဗျူဟာ နောက် ကွယ်တွင်ရှိပြီး ယခုနှစ်တွင် မွန်ဂျေအင်းသည် ကင်ဂျုံအန်းနှင့် သုံးကြိမ် တွေ့ဆုံပြီးဖြစ်သည်။
ယခု နိုဝင်ဘာ တတိယပတ်တွင် တောင်ကိုရီးယား၌ ပညာရေးဆွေးနွေးပွဲသို့တက်ရန် မြောက်ကိုရီးယားနှစ်ဦး လာရောက်ရန် သဘောတူထားကြောင်း မွန်ဂျေအင်း၏ နိုင်ငံပေါင်းစည်းရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ ရက်က ဆိုသည်။ ထိုဆွေးနွေးပွဲသည် အာရှ-ပစိဖိတ်ဒေသတွင် ဂျပန်၏စစ်အတွင်း ကာယလုပ်သားများအရေးအပါအဝင် ဒေသဆိုင်ရာပြဿနာများနှင့် ပတ်သက်နေသည်။
နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုများ လျှော့ချရန် သဘောတူညီချက်များ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကိုရီးယား နှစ်နိုင်ငံက ၎င်းတို့၏ ရှေ့တန်း အစောင့်များ တာဝန်ကျရာ နေရာများ မှတပ်ဖွဲ့များနှင့် လက်နက်များကို ရုပ်သိမ်းခဲ့ပြီးဖြစ်ကြောင်း ဆိုးလ်က နိုဝင်ဘာ ၁၀ ရက်၌ ဆိုသည်။ ကိုရီးယားများသည် ၎င်းတို့၏ နယ်စပ်တစ်လျှောက် စစ်ရေးလေ့ကျင့်ခန်းများကို ရပ်ထားပြီး ကိုရီးယားစစ်ပွဲတွင် သေဆုံးသူများအား ပထမဦးဆုံး ပူးပေါင်းရှာဖွေခြင်းများကို ပြုလုပ်ရန် နယ်စပ်ဒေသတစ်ခုမှ မိုင်းများ ရှင်းလင်းလျက်ရှိသည်။
















