၂၀၁၉ ခုနှစ်တွင် သမ္မတ သက်တမ်းနောက်ထပ်ငါးနှစ် တာဝန်ထမ်းဆောင်ရန် ကြိုးပမ်းလျက်ရှိသော အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ပြည်တွင်း ဈေးနှုန်းများ တည်ငြိမ်စေရန် သကြားတင်သွင်းမှုကို ခွင့်ပြုခဲ့သည်။
ထိုသို့ ခွင့်ပြုမှုကြောင့် နောက်ထပ် ငါးနှစ် သမ္မတ သက်တမ်း တာဝန်ထမ်းဆောင်ရန် ထောက်ခံအားပေးမှု ရရှိခဲ့သော်လည်း အဓိက မဲဆန္ဒရှင်များဖြစ်သည့် ပြည်တွင်း လယ်သမားများထံမှ ဝေဖန်မှုများကို ရင်ဆိုင်နေရကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ဧပြီလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ သမ္မတ ဂျိုကိုဝီ လက်ထက်၌ အင်ဒိုနီးရှား စီးပွားရေးမှာ ငါးရာခိုင်နှုန်း တိုးချဲ့နိုင်ခဲ့သည်။ ဖေဖော်ဝါရီလတွင် ဆယ်စုနှစ် နှစ်ခုခန့် စီးပွားရေးလုပ်ငန်း ကျဆင်းခဲ့ပြီးနောက် အင်ဒိုနီးရှား အစိုးရက စီးပွားရေး ငါးရာခိုင်နှုန်းတိုးချဲ့ရန် ရည်မှန်းချက်မအောင်မြင်ခဲ့သောအချိန်တွင် နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ငါးရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သည်။ အင်ဒိုနီးရှားသမ္မတသည် အခြေခံအဆောက်အအုံ ကြီးကြီးမားမား ပြင်ဆင်မှုအစီအစဉ်၊ အမြောက်အမြားလိုအပ်သော ရင်းနှီးမြှုပ်နှံမှုနှင့် အချုပ်အခြာအာဏာပိုင် အဆင့်သတ်မှတ်ချက်တို့ကို ကာကွယ်ရန်အတွက် လုပ်ငန်းစဉ် ပြုပြင်ပြောင်းလဲမှုတို့ဖြင့် ချီးမွမ်းခံထားရသူ တစ်ဦးဖြစ်သည်။
သို့သော် အင်ဒိုနီးရှား နိုင်ငံရေးမှာ ရှုပ်ထွေးပြီး ပျော့ပျောင်းစွာ ဟန်ချက်ညီအောင် ထိန်းချုပ်သည့်နည်းကို ဂျိုကိုဝီက အသုံးချခဲ့သည်။ သကြားနှင့် ဆန်ကဲ့သို့ နေ့စဉ်မရှိမဖြစ် စားသုံးနေရသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို တည်ငြိမ်စေရန် မူဝါဒများချမှတ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၏ မြင့်တက်လာသော လူလတ်တန်းစားကို ဖိအားပေးနေသော လုပ်အားခ တိုးတက်မှုရပ်တန့်နေခြင်းကို တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ခဲ့သည်။
အောက်တိုဘာ ၁၆ ရက်မှ ၁၇ ရက်အထိ ဂျကာတာမြို့တော်ရှိ သမ္မတနန်းတော်ရှေ့တွင် ကြံစိုက် တောင်သူလယ်သမား ရာပေါင်းများစွာဆန္ဒပြခဲ့ကြပြီး တင်သွင်းမှု ရပ်ဆိုင်းရန်နှင့် လက်လီဈေးကွက်တွင် စက်မှုလုပ်ငန်း အသုံးပြု သန့်စင်ပြီးသကြားများကို မရောင်းချရန် အစိုးရအားတောင်းဆိုခဲ့ကြသည်။ ထို့ပြင် ကုန်သွယ်ရေးဝန်ကြီး အန်ဂါတီရက်စ်စတို လူကီတာကို ရာထူးမှဖယ်ရှားရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။
၂၀၁၇ ခုနှစ်တွင် သကြားဈေးနှုန်း ခုနစ်ရာခိုင်နှုန်း ကျဆင်းသွားခဲ့မှုကြောင့် ပြည်တွင်းလယ်သမားများ အမေရိကန်ဒေါ်လာ ၁၃၇ သန်းခန့် ဆုံးရှုံးမှုကို ရင်ဆိုင်ခဲ့ရကြောင်း အင်ဒိုနီးရှား ကြံစိုက်တောင်သူလယ်သမားများအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။ သို့သော် အစားအစာကုမ္ပဏီ ဘူးလော့ခ်အား ပြည်တွင်းထွက် သကြားများဝယ်၍ ပြည်တွင်း လယ်ယာစိုက်ပျိုးရေးအကျိုးစီးပွားကို အထောက်အကူပြုရန် အစိုးရက စီစဉ်ပေးခဲ့သော်လည်း စီစဉ်ထားသည့်အတိုင်း ဖြစ်မလာခဲ့ဘူးဟု အဆိုပါလုပ်ငန်းအုပ်စုက ပြောသည်။
ကမ္ဘာ့ စတုတ္ထ လူဦးရေးအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံတွင်စားနပ်ရိက္ခာ စားသုံးမှု တိုးချဲ့ရေးကို စီးပွားရေး တိုးတက်မှုက တွန်းအားပေးခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ သကြားတင်သွင်းမှုမှာ နှစ်ဆမြင့်တက်ခဲ့သည်။ ၂၀၁၆၊ ၂၀၁၇ ခုနှစ်စိုက်ပျိုးရေးရာသီတွင် သကြားတင်သွင်းမှု၌ အင်ဒိုနီးရှားနိုင်ငံက တရုတ်နိုင်ငံကို ကျော်တက်ခဲ့ပြီး ဆီအုန်းသုံးစွဲမှုအများဆုံးနှင့် ဂျုံဝယ်ယူမှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။
ကုန်ပစ္စည်း တင်သွင်းမှုများကို အစိုးရ ခွင့်ပြုချက်ဖြင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ထားသည်။ အင်ဒိုနီရှားနိုင်ငံ၏ စုစုပေါင်းသကြားတင်သွင်းမှုတွင် လွန်ခဲ့သည့်နှစ် မက်ထရစ်တန် ၄ ဒသမ ၂၅ သန်းမှ ၂၀၁၉ ခုနှစ် ဧပြီလအထိ လေးရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အိမ်ထောင်စုများ အသုံးပြုသည့် ကုန်ကြမ်းအမျိုးမျိုး ဝယ်ယူမှုမှာ လွန်ခဲ့သော တစ်နှစ် မက်ထရစ်တန် ၁ ဒသမ ၁ သန်းမှ ၂၀၁၈ ခုနှစ်တွင် ၂၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု နိုင်ငံခြားကုန်သွယ်ရေးညွှန်ကြားရေးမှူးချုပ် အိုကီနာဝမ်က ပြောကြားခဲ့သည်။

















