အီးယူမှဗြိတိန်နှုတ်ထွက်ရေး သဘောတူညီချက်မူကြမ်း အဆုံးအဖြတ်ခြေလှမ်းရောက်နေဟု အီးယူဘက်မှပြော

အီးယူမှဗြိတိန်နှုတ်ထွက်ရေး သဘောတူညီချက်မူကြမ်း အဆုံးအဖြတ်ခြေလှမ်းရောက်နေဟု အီးယူဘက်မှပြော

ဥရောပသမဂ္ဂ(အီးယူ)မှ ဗြိတိန်နှုတ်ထွက်ရေး(ဘရက်ဇစ်)ဆိုင်ရာ သဘောတူညီချက်မူကြမ်းသည် အဆုံးအဖြတ်ခြေလှမ်း ရောက်ရှိနေပြီဖြစ်ကြောင်း အီးယူမှ ဘရက်ဇစ်ညှိနှိုင်းရေးအကြီးအကဲ မိုက်ကယ်ဘာနီယာက ပြောဆိုခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက သဘောတူညီချက်မူကြမ်းကို ၄င်း၏ဝန်ကြီးအဖွဲ့က ထောက်ခံကြောင်း ပြောဆိုခဲ့ပြီးနောက် စာမျက်နှာ ၅၈၅ မျက်နှာပါ ဘရက်ဇစ်ဆိုင်ရာ သဘောတူညီချက်မူကြမ်းကို နိုဝင်ဘာ ၁၄ ရက်တွင် အီးယူမှ ထုတ်ပြန်ခဲ့သည်။ ယင်းသဘောတူညီချက်ကို အခြားအီးယူအဖွဲ့ဝင် ၂၇ နိုင်ငံက အတည်ပြုရန်မူ လိုအပ်နေဆဲဖြစ်သည်။

ဝန်ကြီးချုပ်မေသည် ဝန်ကြီးအဖွဲ့၏ထောက်ခံမှုရခဲ့သော်လည်း ဝန်ကြီးအချို့က မူကြမ်းကို ပြစ်တင်ခဲ့ကြသည့်အပြင် ပါလီမန်တွင်လည်း သဘောတူညီချက်အရေး တိုက်ပွဲဝင်နေရသည်။ မူကြမ်းအရ အီးယူနှင့်ဗြိတိန်တို့သည် ၂၀၁၉ မတ်လတွင် တရားဝင်ပြတ်စဲကြမည်ဖြစ်ပြီး ယင်းအတွက် ဗြိတိန်မှ ပေါင်စတာလင် ၃၉ ဘီလီယံ(ဒေါ်လာ ဘီလီယံ ၅၀ ခန့်) အကုန်အကျခံရမည်ဖြစ်သည်။

အသွင်ကူးပြောင်းရေးကာလ ၂၁ လ သတ်မှတ်ထားသည့် သဘောတူညီချက်မူကြမ်းတွင် အဓိက စိုးရိမ်ပူပန်မှုမှာ မြောက်ပိုင်းအိုင်ယာလန်နှင့် အိုင်ယာလန်နိုင်ငံနယ်စပ်အရေးဖြစ်ကြောင်း အီးယူဘက်မှ ပြောဆိုသည်။

ထရီဆာမေသည် ကွန်ဆာဗေးတစ်ပါတီ၏ဝေဖန်ပြစ်တင်ခြင်းအပြင် ၄င်း၏ ဒီမိုကရက်တစ်ယူနီယံနစ်(ဒီပီယူ) ပါတီဝင်များ၏ အယုံအကြည်မရှိအဆို မဲခွဲရန်ခြိမ်းခြောက်မှုများနှင့်ပါ ရင်ဆိုင်နေရသည်။ ထရီဆာမေ၊ ဂျရယ်မီကိုဘန်၊ ဒီပီယူခေါင်းဆောင် အာလင်းန်ဖော့စ်တာနှင့် စကော့တလန် ပထမဝန်ကြီးချုပ် နီကိုုလာ စတာဂျင်တို့သည် နိုဝင်ဘာ ၁၄ ရက်ညနေပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဘရက်ဇစ်အဆိုမူကြမ်းကို ထောက်ခံမည် မထောက်ခံမည်ကို လေဘာပါတီက မကြာမီကြေညာရန်လည်း ရှိနေသည်။ လေဘာပါတီခေါင်းဆောင် ဂျရဲမီကော်ဘန်က သဘောတူချက်မူကြမ်းသည် အမျိုးသားအကျိုးစီးပွားကို အထောက်အကူ မပြုဟု ယုံကြည်ကြောင်း ပြောဆိုခဲ့ပြီးဖြစ်သည်။