အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျင်းပဖြစ်ဖွယ်ရှိကြောင်း အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က စင်ကာပူတွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ် ဆက်စပ်အစည်းအဝေးတစ်ခု၌ မှတ်ချက်ပေး ပြောကြားခဲ့သည်။
ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးသည် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး လက်တွေ့လုပ်ငန်းစဉ်များကို အသေးစိတ် ချမှတ်မည်ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်သည်အထိ အမြင့်ဆုံးဖိအား ဆက်ပေးသွားမည်ဖြစ်ကြောင်း မစ္စတာ ပန့်စ်က ပြောသည်။
ယခုလကုန်ပိုင်းတွင် အာဂျင်တီးနား၌ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတွင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံလျှင် မြောက်ကိုရီးယားအရေး၌ တရုတ်၏ အခန်းကဏ္ဍသည် အရေးကြီးပုံကို အလေးပေး ပြောကြားရန်ရှိကြောင်းလည်း မစ္စတာ ပန့်စ်က ပြောသည်။
အမေရိကန်သည် တောင်ကိုရီးယားနှင့် အနီးကပ် ဆက်ဆံရေးတိုးမြှင့်ထားသလို၊ မြောက်ကိုရီးယားနှင့် ဆွေးနွေးသဘောတူထားချက်များကိုလည်း အထူးတန်ဖိုးထားကြောင်း ထည့်သွင်းပြောကြားသည်။
အမေရိကန်သည် အင်ဒို-ပစိဖိတ်ဒေသကိုလည်း အထူးအာရုံစိုက်လျက်ရှိပြီး၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကို ရှေးရှုကြောင်း၊ ချုပ်ကိုင်ထိန်းချုပ်ရေး မူဝါဒမျိုး မရှိကြောင်းလည်း မစ္စတာ ပန့်စ်က ဆိုသည်။
မစ္စတာ ပန့်စ်၏ မှတ်ချက်စကားသည် တောင်တရုတ်ပင်လယ်အတွင်း နယ်မြေအများအပြား တောင်းဆိုဖိအားပေးနေသော တရုတ်၏ လုပ်ရပ်များကို ရည်ညွှန်းခြင်းအဖြစ်လည်း ရှုမြင်ရသည်။ စင်ကာပူ၌ ကျင်းပသော အာဆီယံ ၁၀ နိုင်ငံ အစည်းအဝေးသည် လူဦးရေ သန်း ၆၃၀ ကျော်နေထိုင်သောဒေသတွင်း ကုန်သွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အဓိကထား ဆွေးနွေးခဲ့ကြသည်။

















