ဖိလစ်ပိုင်သမ္မတ ဒူတာတေး မကြာမကြာ တရေးအိပ်သဖြင့် အာဆီယံအစည်းအဝေးအချို့ မတက်ဖြစ်

ဖိလစ်ပိုင်သမ္မတ ဒူတာတေး မကြာမကြာ တရေးအိပ်သဖြင့် အာဆီယံအစည်းအဝေးအချို့ မတက်ဖြစ်

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးသည် စင်ကာပူ၌ ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် မကြာမကြာ တရေးအိပ်လေ့ရှိသဖြင့် အစည်းအဝေးများစွာ လွတ်သွားခဲ့ကြောင်း သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သမ္မတ ဒူတာတေးသည် တရေးအိပ်နေသဖြင့် ကြိုတင်စီစဉ်ထားသည့် အစီအစဉ်လေးခု လွတ်သွားခဲ့ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပြောကြားသည်။ အသက် ၇၃ နှစ်အရွယ် သမ္မတ ဒူတာတေးသည် ဘုပြောတတ်သူဟု နာမည်ကြီးသည့်အတိုင်း "တရေးအိပ်တာ ဘာများမှားလို့လဲ" ဟု ဆိုထားသည်။

မစ္စတာ ဒူတာတေးသည် ယခင်ကလည်း နိုင်ငံတကာ အစည်းအဝေးပွဲများတွင်သာမက ဖိလစ်ပိုင်နိုင်ငံတွင်း အစည်းအဝေး အများအပြားတွင်လည်း တရေးအိပ်မှုကြောင့် အစည်းအဝေးချိန် အတော်များများ လွတ်ခဲ့ဖူးသူဖြစ်သည်။ သမ္မတ ဒူတာတေး၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး အများပြည်သူက စိုးရိမ်မကင်းဖြစ်နေပြီး၊ ကင်ဆာဟု သံသယရှိရသည့် အနာတစ်ခုတွေ့ရသည်ဟု အောက်တိုဘာလက မစ္စတာ ဒူတာတေးကိုယ်တိုင်က ထုတ်ပြောခဲ့ဖူးသည်။

သမ္မတ ဒူတာတေးသည် ညဉ့်နက်သည်အထိ အလုပ်လုပ်လေ့ရှိပြီး တစ်ညလျှင် သုံးနာရီခန့်သာအိပ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဆယ်ဗာဒါ ပါနယ်လိုက ပြောသည်။ အာဆီယံအစည်းအဝေးပွဲများအတွင်း အစည်းအဝေးသို့မလာဘဲ တရေးအိပ်သည့်အတွက် လန်းဆန်းပါ၏လားဟု မေးမြန်းသည်တွင် အားအင်ပြည့်လောက်အောင် မလန်းဆန်းသော်လည်း အစည်းအဝေးရက်များအတွင်း ကောင်းကောင်းအလုပ်လုပ်နိုင်အောင် လုံလောက်ကြောင်း သမ္မတ ဒူတာတေးက ဖြေကြားခဲ့သည်။

သမ္မတ ဒူတာတေး တရေးအိပ်ခြင်းသည် ကျန်းမာရေးမကောင်းမှုကြောင့်မဟုတ်ကြောင်း၊ အိပ်ရေးမပျက်စေရန်အတွက် အလေ့အကျင့်တစ်ခုသာဖြစ်ကြောင်း မစ္စတာ ပါနယ်လိုက ရှင်းလင်းပြောကြားသည်။ မစ္စတာ ဒူတာတေးက သမ္မတရာထူး ထမ်းဆောင်ရခြင်းအတွက် ပင်ပန်းလှပြီဖြစ်ကြောင်း၊ သင့်တော်သည့် ဆက်ခံသူ မတွေ့သေးသောကြောင့်သာ ရာထူးကို ဆက်လက်တာဝန်ယူထားခြင်းဖြစ်ကြောင်းလည်း ယခင်က မှတ်ချက်ပေး ပြောကြားဖူးသည်။