သမ္မတဒေါ်နယ်ထရမ့်၏ဇနီး မယ်လင်နီယာနှင့် မသင့်မတင့်ဖြစ်ခဲ့သူ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ဒုတိယ အကြံပေး မီရာ ရီကာဒဲလ်သည် ရာထူးမှနှုတ်ထွက်လိုက်ရပြီဖြစ်သည်။
တဖန် ထရမ့်နှင့်ငြိစွန်းခဲ့ကြောင်း ထွက်ဆိုထားသူ အပြာမယ်ဟောင်း စထရွမ်မီ ဒဲနီရယ်၏ ရှေ့နေသည်လည်း အိမ်တွင်းအကြမ်းဖက်မှုသံသယနှင့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ရီကာဒဲလ်သည် အိမ်ဖြူတော်လက်ထောက်တစ်ဦးအဖြစ်မှ နှုတ်ထွက်သွားသော်လည်း ထရမ့်အစိုးရအုပ်ချုပ်ရေးတွင် နေရာသစ်တစ်ခု၌ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း အိမ်ဖြူတော်ပြောခွင့်ရသူ ဆာရာဆန်းဒါးစ်က ထုတ်ပြန်ခဲ့သည်။ အသေးစိတ်မူ ပါဝင်ခဲ့ခြင်းမရှိပေ။
သက်တမ်းဝက်ရွေးကောက်ပွဲအပြီးတွင် သမ္မတထရမ့်သည် အိမ်ဖြူတော်ကိုပြုပြင်ပြောင်းလဲဦးမည်ဖြစ်ရာ အမိမြေ လုံခြုံရေးဝန်ကြီး ခရစ္စဂျန်း နီယဲဆန်လည်း ထွက်ခွာရဖွယ်ရှိကြောင်း အမေရိကန်အရာရှိများက ပြောဆိုခဲ့ပြီးဖြစ်သည်။ ယခု နှုတ်ထွက်သွားသည့် ရီကာဒဲလ်မှာ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ရွေးချယ်ထားသူဖြစ်ပြီး အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်၏ လက်ထောက်အဖြစ် ထမ်းဆောင်ရသူဖြစ်သည်။
မယ်လင်နီယာ၏ အာဖရိကခရီးစဉ်နှင့်ပတ်သက်၍ ၄င်းနှင့် ရီကာဒဲလ်တို့ အချင်းများခဲ့ကြပြီးနောက် ရီကာဒဲလ်ကို ထုတ်ပယ်ပေးရန် မယ်လင်နီယာက တောင်းဆိုခဲ့သည်။
လော့စ်အိန်ဂျယ်လိစ်တွင် ရှေ့နေ မိုက်ကယ် အာဗန်တီသည် အိမ်တွင်းအကြမ်းဖက်မှုဖြင့် နိုဝင်ဘာ ၁၄ ရက်က ဖမ်းဆီးခံခဲ့ရပြီး ၄င်းသည် ထရမ့်နှင့်ငြိစွန်းခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည် အပြာသရုပ်ဆောင်ဟောင်း စထရွမ်မီ ဒဲနီရယ်၏ ရှေ့နေဖြစ်သည်။
အိမ်တွင်းအကြမ်းဖက်မှုကိစ္စအသေးစိတ်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း အာဗန်တီသည် အာမခံဖြင့် အချုပ်မှပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။
အာဗန်တီနှင့် အမျိုးသမီးတစ်ဦးတို့ နိုဝင်ဘာ ၁၃ ရက်ညက ကိုယ်ထိလက်ရောက် ရန်ဖြစ်ခဲ့၍ အဖမ်းခံရခြင်းဖြစ်ကြောင်း ကျော်ကြားသူတို့အတွင်းရေးများဖော်ပြသည့် တီအမ်ဇက်ဝက်ဆိုက်က ပြောဆိုခဲ့သည်။ အမျိုးသမီးအခွင့်အရေးရှေ့နေ လိုက်သူဖြစ်ပြီး မည်သည့်အမျိုးသမီးကိုမျှ ရိုက်နှက်ခဲ့ခြင်းမရှိကြောင်း အာဗန်တီက တုံ့ပြန်ခဲ့သည်။

















