အမေရိကန်ပြည်ထောင်စုတောင်ဘက်နယ်စပ်၊ မက္ကဆီကိုဘက်အခြမ်းသို့ ဗဟိုအမေရိကမှ ရွှေ့ပြောင်းခရီးသည် ရာဂဏန်း စတင်ရောက်ရှိနေကြပြီဖြစ်ပြီး အချို့သည် နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းခဲ့ကြသည်။
အမေရိကန်ဘက်မှ စစ်တပ်များချထားမှုကို အာခံလျက် ကျန်ရွှေ့ပြောင်းခရီးသည်များလည်း နယ်စပ်သို့အရောက်လာရန် အရှိန်မြှင့် ခရီးနှင်လျက် ရှိသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်နှင့် အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စဂျန်း နီယဲဆန်တို့သည် ယင်းနယ်စပ်သို့ လာရောက်စစ်ဆေး၍ အမေရိကန်တပ်များကို အားပေးခဲ့ပြီးဖြစ်သည်။ မည်သို့ဖြစ်စေ မက္ကဆီကိုမြောက်ပိုင်း တီဂျာနာမြို့နှင့် ကယ်လီဖိုးနီးယားအကြား သွယ်တန်းထားသည့် သံဆူးကြိုးများကို ရွှေ့ပြောင်းအချို့က ဖြတ်ကျော်ရန် ကြိုးပမ်းခဲ့ပြီး ပြန်လည်မောင်းထုတ်ခံခဲ့ရကာ ကိုးဦးထက်မနည်း အမေရိကန်နယ်ခြားစောင့်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။
ယင်းနယ်စပ်တွင် အမေရိကန်စစ်သည် ၅၉၀ဝ ဖြန့်ချထားပြီးဖြစ်သည်။ ရွှေ့ပြောင်းခရီးသည်ပင်မအုပ်စုသည် အနည်းဆုံးအင်အား ၄၀ဝ၀ ခန့်ရှိပြီး နယ်စပ်သို့ ရက်အနည်းငယ်အတွင်း ရောက်ရှိရန် မျှော်လင့်ရသည်။
လွန်ခဲ့သည့်အပတ်က သမ္မတ ထရမ့်ထုတ်ပြန်ခဲ့သည့် ညွန်ကြားချက်အရ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်သူများသည် ခိုလှုံခွင့်တောင်းခံနိုင်မည် မဟုတ်တော့ဘဲ နေရင်းပြန်ပို့ခံရမည်ဖြစ်သည်။
ယင်းရွှေ့ပြောင်းခရီးသည်များသည် ဗဟိုအမေရိကမှ အယ်လ်ဆာဗေးဒိုး၊ ဂွာတီမာလာနှင့် ဟွန်ဒူရပ်စ်နိုင်ငံများမှ ဖြစ်ပြီး ဇာတိနိုင်ငံများတွင် အကြမ်းဖက်မှုများနှင့် စီးပွားရေးကျပ်တည်းမှုများကြောင့် အမေရိကန်တွင် ဘဝသစ်ထူထောင်ရန် ရည်မှန်းချက်ဖြင့် ဝေးကွာလှသည့်ခရီးကို လျှောက်လှမ်းလာကြသူများဖြစ်သည်။
၄င်းတို့ကို မက္ကဆီကိုဒေသခံများက အကူအညီများပေးကမ်းခဲ့ကြပြီး သမ္မတထရမ့်ကမူ ရွှေ့ပြောင်းများကို ဖြတ်သန်းခွင့်ပြုသည့်နိုင်ငံများအား အမေရိကန်၏ အကူအညီဖြတ်တောက်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။

















