ပြင်သစ်ဘုရင် လူဝီ ၁၆ ၏မိဖုရား မာရီ အန်တိုနတ်၏ ပုလဲ ဒေါ်လာ ၃၆ သန်း စံချိန်ဈေးဖြင့် လေလံတင် ရောင်းချရ

ပြင်သစ်ဘုရင် လူဝီ ၁၆ ၏မိဖုရား မာရီ အန်တိုနတ်၏ ပုလဲ ဒေါ်လာ ၃၆ သန်း စံချိန်ဈေးဖြင့် လေလံတင် ရောင်းချရ

ပြင်သစ် မိဖုရား မာရီ အန်တိုနတ် ပိုင်ဆိုင်ခဲ့ဖူးသော ပုလဲနှင့်လည်ဆွဲကို ဆောက်သဘီ လေလံလုပ်ငန်းက လေလံတင်ရောင်းချခဲ့ရာ ဒေါ်လာ ၃၆ သန်းဖြင့် စံချိန်တင်ရောင်းချခဲ့ရကြောင်း သိရသည်။ ထိုဈေးနှုန်းသည် ပုလဲလည်ဆွဲအမျိုးအစားတန်းတွင် ကမ္ဘာ့စံချိန်တင်ဈေးဖြစ်ကြောင်း လေလံလုပ်ငန်းက ပြောသည်။

ဆောက်သဘီ လေလံပွဲကို ဂျနီဗာမြို့တွင် ကျင်းပခဲ့ရာ မာရီ အန်တိုနတ် ပုလဲနှင့်စိန် လည်ဆွဲကို ကြမ်းခင်းဈေး ဒေါ်လာ ၂ သန်းဖြင့် စဖွင့်ခဲ့သော်လည်း အပြိုင်အဆိုင် ဝယ်ယူမှု များပြားသဖြင့် ဒေါ်လာ ၃၆ သန်းထိ စံချိန်တင်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အီတလီရှိ ဘာဘွန်းနှင့်ပါမာ တော်ဝင်မိသားစုက ပိုင်ဆိုင်သော လက်ဝတ်ရတနာများကို လေလံတင်သည့်အထဲတွင် မာရီ အန်တိုနတ် လည်ဆွဲလည်း ပါဝင်ခြင်းဖြစ်သည်။

အများပြည်သူ မြင်ကွင်းသို့ မထွက်ပေါ်ဘဲ ပိုင်ရှင်လက်ထဲတွင် နှစ် ၂၀ဝ ကျော်နေပြီဖြစ်သည့် လက်ဝတ်ရတနာများပင် လေလံပွဲ၌ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။

ပုလဲလည်ဆွဲ အမျိုးအစားတွင် ယခင်က သရုပ်ဆောင်မင်းသမီး အဲလိဇဘတ် တေလာ၏ လည်ဆွဲက ဒေါ်လာ ၁၁ ဒသမ ၈ သန်း လေလံဈေးဖြင့် ၂၀၁၁ ခုနှစ်တွင် စံချိန်တင် ရောင်းချခဲ့ရပြီးနောက် မာရီ အန်တိုနတ် လည်ဆွဲက စံချိန်ချိုးလိုက်ခြင်းဖြစ်သည်။ မာရီ အန်တိုနတ်သည် ပြင်သစ်ဘုရင် လူဝီ ၁၆ နှင့် လက်ဆက်ခဲ့သော သြစတြီးယား မင်းသမီးဖြစ်သည်။ ပြင်သစ်ပြည်သူအများအပြား တစ်ဝမ်းတစ်ခါးပင် ဝလင်အောင် မစားရသော အခြေအနေတွင် မာရီ အန်တိုနတ်သည် အသုံးအဖြုန်းကြီး၊ ဇိမ်ခံလွန်းသည့် နေထိုင်မှုပုံစံကြောင့် လူမုန်းများသူလည်းဖြစ်သည်။

ပြင်သစ်တော်လှန်ရေးကြီးဖြစ်ပွားကာ ခင်ပွန်း လူဝီ ၁၆ ဘုရင်နှင့်အတူ သြစတြီးယားသို့ လက်ဝတ်ရတနာများပါ ယူဆောင်ထွက်ပြေးရန် ကြိုးပမ်းမှု မအောင်မြင်ဘဲ မာရီ အန်တိုနတ်သည် ဓားစက်ဖြင့် ကွပ်မျက်ခံခဲ့ရသူဖြစ်သည်။ နိုဝင်ဘာ ၁၄ က ဂျနီဗာတွင် ကျင်းပခဲ့သော လေလံပွဲသည် တော်ဝင်လက်ဝတ်ရတနာဈေးကွက်တွင် မကြုံစဖူး ထူးကဲစုံလင် တန်ဖိုးကြီးသောပွဲဖြစ်ကြောင်း ဆောက်သဘီ လေလံလုပ်ငန်းက ပြောသည်။<