ကယ်လီဖိုးနီးယားတောမီးသင့်သည့် ပါရာဒိုက်စ်မြို့ မြို့လုံးကျွတ် ပြန်လည်တည်ဆောက်ရမည်

ကယ်လီဖိုးနီးယားတောမီးသင့်သည့် ပါရာဒိုက်စ်မြို့ မြို့လုံးကျွတ် ပြန်လည်တည်ဆောက်ရမည်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် လောင်ကျွမ်းနေသော တောမီးကြောင့် မီးသင့်ခဲ့သော ပါရာဒိုက်စ် (သုခဘုံ)မြို့သည် ရာနှုန်းပြည့် ပျက်စီးသွားသဖြင့် နှစ်များစွာ အချိန်ယူကာ မြို့လုံးကျွတ် ပြန်လည်တည်ဆောက်ရမည်ဖြစ်ကြောင်း အမေရိကန် အရေးပေါ်အခြေအနေများဆိုင်ရာဌာနက အသိပေးပြောကြားသည်။

ပါရာဒိုက်စ်မြို့ ပျက်စီးနှုန်းသည် ၎င်းမြင်ဖူးသမျှထဲတွင် အဆိုးဝါးဆုံးဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု အရေးပေါ်အခြေအနေများဆိုင်ရာ စီမံခန့်ခွဲရေးဌာန (FEMA) ညွှန်ကြားရေးမှူး ဘရော့ လွန်းက ပြောသည်။

ပါရာဒိုက်စ်မြို့ကို လောင်ကျွမ်းခဲ့သည့် ကမ့် တောမီးကြောင့် လူ ၄၈ ဦးထိ သေဆုံးခဲ့ပြီဖြစ်ကာ လူ ၁၀ဝ သည်လည်း အခြေအနေ မသိရသေးဘဲ ပျောက်ဆုံးစာရင်း ထည့်သွင်းထားရကြောင်း သိရသည်။ မီးသတ်သမား ကိုးထောင်ဝန်းကျင်က ပြည်နယ်တစ်ဝန်း တောမီးထိန်းချုပ်ရေး ကြိုးပမ်းလျက်ရှိသည်။

သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ကယ်လီဖိုးနီးယားသို့ ရောက်ရှိနေသည့် မစ္စတာ လွန်းထံမှ အစီရင်ခံစာများ ပုံမှန်ရရှိနေကြောင်း တွစ်တာကတစ်ဆင့် ထုတ်ပြန်ပြောကြားသည်။

ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂျယ်ရီ ဘရောင်း၏ တောမီးထိန်းချုပ်ရေး အားထုတ်မှုများကိုလည်း ကူညီလျက်ရှိကြောင်း သမ္မတ ထရမ့်က ပြောသည်။

ပြည်နယ်မြောက်ပိုင်းတွင် လောင်ကျွမ်းနေသော ကမ့် တောမီး၏ ၃၅ ရာခိုင်နှုန်းကိုသာ မီးသတ်တပ်ဖွဲ့များက ထိန်းချုပ်နိုင်သေးပြီး ပြည်နယ်သမိုင်းတစ်လျှောက် လူသေဆုံးမှုအများဆုံး တောမီးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။

ကမ့် တောမီးသည် မြေဧက ၁၃၅၀ဝ၀ ကို လောင်ကျွမ်းခဲ့ပြီး နိုဝင်ဘာ လကုန်ဝန်းကျင်ထိ တောမီးကို ငြှိမ်းသတ်နိုင်ဖွယ် မရှိသေးကြောင်းလည်း မီးသတ်တာဝန်ရှိသူများက ခန့်မှန်းထားသည်။ တောမီးကြောင့် လူနေအိမ်ခြေ ၇၆၀ဝ ခန့် မီးသင့်ပျက်စီးခဲ့သလို၊ စီးပွားလုပ်ငန်းဆိုင်ရာ အဆောက်အအုံ ထောင်ဂဏန်းလည်း ပျက်စီးခဲ့ပြီဖြစ်သည်။