မြိတ်ကျွန်းစု အသစ်ဖွင့်ပုလဲမွေးမြူရေးစခန်းများသို ့ လည်ပတ်သူနည်းပါး

မြိတ်ကျွန်းစု အသစ်ဖွင့်ပုလဲမွေးမြူရေးစခန်းများသို ့ လည်ပတ်သူနည်းပါး

ယခုနှစ် ခရီးသွားရာသီကာလမှစတင် ဖွင့်လှစ်ခဲ့သည့် မြိတ်ကျွန်းစု၏ ပုလဲမွေးမြူရေးစခန်းများသို့ စတင်ဖွင့်လှစ်သည့်ရာသီအစမှ တစ်လကျော် အကြာအထိ လာရောက်လည်ပတ်သည့် ပြည်တွင်းပြည်ပဧည့်သည် များနည်းပါး နေသေးကြောင်း သိရသည်။

လေ့လာခွင့်

တနင်္သာရီတိုင်းအတွင်းရှိ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့၌ နိုင်ငံပိုင်နှင့် ပြည်တွင်း /ပြည်ပပုဂ္ဂလိကပိုင် ပုလဲမွေးမြူရေးစခန်း ၁၁ ခုအနက် ငါးခုကို ခရီးသွားဧည့်သည်များအား လေ့လာလည်ပတ် နိုင်ရန် ခရီးသွားရာသီအစ အောက်တိုဘာ ၁ရက်မှ စတင်လေ့လာခွင့် ပေးလိုက်ခြင်းဖြစ်သည်။

မြိတ်ဖူးပွင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ မန်နေဂျာကိုအောင် ဝေဦးက "ဧည့်သည်တွေက ပုလဲမွေးမြူရေးစခန်းခရီးစဉ်နဲ့ ပတ်သက် ပြီးစုံစမ်းမေးမြန်းတာ သိပ်မရှိပါဘူး။ အများစုက ကျွန်းအပန်းဖြေခရီးစဉ် တွေပဲ သွားရောက်လည်ပတ်တာများနေပါတယ်။ အဓိကကတော့ ဈေးနှုန်းနဲ့ ဝန်ဆောင်မှုအပိုင်းတွေမှာ လိုအပ်ချက်တွေရှိနေသေးလို့ ဖြစ်မယ်"ဟု ပြောဆိုသည်။

ခွင့်ပြုပေးလိုက်သည့် ပုလဲမွေးမြူရေးစခန်းငါးခုမှာ ကျွန်းစုမြို့နယ် ဒုံးပုလဲအော်ကျွန်း၊ ကော့သောင်းမြို့နယ် ဂျလန်းကျွန်း၊ ရွှေကျွန်း ငလုံး လက်ဖယ်ကျွန်းနှင့် ဘုတ်ပြင်းမြို့နယ်ရှိ နိုင်ငံပိုင်ပုလဲကျွန်းတို့ ဖြစ်သည်။

"ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားမှုနည်းပါးတာက ကျွန်တော်တို့ ပုလဲမွေးမြူရေးစခန်းမှာ ဖွင့်ပွဲလုပ်တုန်းက အချိန်မီပြင်ဆင်မှုတွေ မလုပ်လိုက်ရလို့ အားနည်းချက်တချို့ ရှိသွားမှာပါ။ ဒါကြောင့်မို့လည်း အဲ့ဒီကာလမှာ လာရောက်လည်ပတ်တဲ့အခါမှာ ဧည့်သည်တွေ စိတ် တိုင်းမကျတာတွေ ရှိကောင်းရှိမှာပါ။ ဒီအတွက်ကြောင့် အခုပြန်လည် ပြင်ဆင်မှုနဲ့ ဝန်ဆောင်မှုအပိုင်းတွေကို ပြန်လုပ်နေပါတယ်" ဟု ပုလဲ တံခွန်စခန်းမှ မန်နေဂျာဦးဇော်ဝင်းလွင်က ပြောဆိုသည်။

ကြိုးစားရန်လို

ပုလဲမွေးမြူရေးစခန်းများသို့ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ သွားရောက် လေ့လာလည်ပတ်ခွင့် နည်းပါးနေခြင်းနှင့် ပတ်သက်ပြီး ဧည့်သည်များပြန်လည်စိတ်ဝင် စားလာစေရန် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများမှ တာဝန်ရှိသူများက ကြိုးစားရန်လိုအပ်ကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်နေသူများက ပြောဆိုသည်။

"အဓိကကတော့ ကျွန်တော်တို့က ပုလဲပဲမွေးမြူရေးလုပ်တာလေ။ ခရီးသွားလုပ်ငန်းအနေနဲ့ဆွဲဆောင်မှုရှိအောင်တော့ မလုပ်တတ်ပါဘူး။ ဒါကို ခရီးသွားဝန်ဆောင်မှုလုပ်ကိုင်သူတွေကြိုးစားရမှာပါ။ ကျွန်တော်တို့ ဝန်ဆောင်မှုအပိုင်းတွေမှာ ဘာတွေအားသာချက် အားနည်းချက်ရှိနေ တယ်ဆိုတာ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တွေနဲ့ ကျွန်တော်တို့ပုလဲ မွေးမြူရေးတို့နဲ့ အပြန်အလှန်ညှိနှိုင်းအကြံပြုကျတော့ အဖြေတစ်ခု ထွက်လာမှာပါ"ဟု ပုလဲမွေးမြူရေး စခန်းမှ မန်နေဂျာဦးဇော်ဝင်းလွင်က ပြောဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး