ဗြိတိန်နိုင်ငံတွင် ဥရောသမဂ္ဂ(အီးယူ)မှ ဗြိတိန်နှုတ်ထွက်ရေးရာ(ဘရက်ဇစ်)ဝန်ကြီး နှုတ်ထွက်သွားပြီးနောက် ယင်းနေရာတွင် အစားထိုးတာဝန်ယူရန် ဝန်ကြီးချုပ်ရုံးမှကမ်းလှမ်းခဲ့သည့် ဝန်ကြီး မိုက်ကယ်ဂို့ဘ်က လက်ခံရန် ငြင်းပယ်လိုက်၍ ဝန်ကြီးချုပ်ထရီဆာမေသည် အခက်တွေ့နေရသည်။
ဂို့ဘ်၏ဆုံးဖြတ်ချက်ကို နားလည်ကြောင်း မေကပြောဆိုခဲ့ပြီး ဘရက်ဇစ်သဘောတူညီချက်မူကြမ်းကို ငြင်းပယ်ခြင်းသည် ဗြိတိန်အား အလွန်မရေရာသည့်လမ်းပေါ် တွန်းပို့ရာရောက်ကြောင်း၊ ယင်းကြောင့် အတည်ပြုနိုင်ရန် ဆက်လက်ကြိုးပမ်းမည်ဟုလည်း ကတိပြုခဲ့သည်။
သဘောတူညီချက်မူကြမ်းကို မကျေနပ်၍ဆိုရာ မူလ ဘရက်ဇစ်ရေးရာဝန်ကြီး ဒိုမီနစ်ခ်ရက်ဘ်နှင့် အလုပ်သမားနှင့် ပင်စင်ရေးရာဝန်ကြီး အီစတာမက်ဗေးတို့ နိုဝင်ဘာ ၁၅ ရက်တွင် ရာထူးမှနှုတ်ထွက်သွားခဲ့သည်။ ရက်ဘ်၏နေရာကို ဂို့ဘ်က တာဝန်ယူရန် မေကကမ်းလှမ်းခဲ့သော်လည်း သဘောတူညီချက်မူကြမ်းကို ပြန်လည်ညှိနှိုင်းခွင့်မရ၍ လက်မခံနိုင်ကြောင်း ပြောဆိုလျက် ဂို့ဘ်က ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။
စာမျက်နှာ ၅၈၅ မျက်နှာရှိ ဘရက်ဇစ်သဘောတူညီချက်မူကြမ်းကို ဗြိတိန်အစိုးရနှင့် အီးယူတို့က နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးနှစ်ဦး ထပ်မံနှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ပါလီမန်တွင်လည်း ဘရက်ဇစ်လိုလားသည့်အမတ်တစ်ဦးကပင် ဝန်ကြီးချုပ်မေကို အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းရန် တောင်းဆိုထားသည်။ ဗြိတိန်ငွေကြေး ပေါင်စတာလင်တန်ဘိုးလည်း သိသိသာသာ ကျဆင်းလျက်ရှိပြီး အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျရမီကိုဘန်က လက်ရှိဘရက်ဇစ်သဘောတူညီချက်သည် ဗြိတိန်အတွက် ကြီးမားစွာ ထိခိုက်ပျက်စီးနိုင်သည့် မှားယွင်းမှုတစ်ရပ်ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

















