ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးလုပ်ငန်းစဉ်အပေါ် ရတက်မအေးဖြစ်နေကြစဉ် မြောက်ကိုရီးယားသည် ခေတ်လွန်နည်းဗျူဟာလက်နက်သစ်တစ်မျိုး စမ်းသပ်အောင်မြင်ကြောင်း နိုဝင်ဘာ ၁၆ ရက်၌ ကြေညာလိုက်သည်။
ကာလကြာရှည် ကြိုးပမ်းခဲ့သည့် အဆင့်မြင့်နည်းပညာသုံး ခေတ်လွန်လက်နက်သစ်ကို နိုင်ငံခေါင်းဆောင် ကင်ဂျုံအွန်ကြီးကြပ်မှုဖြင့် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ကေစီအင်န်အေသတင်းဌာနက ကြေညာခဲ့ခြင်းဖြစ်ပြီး လက်နက်အမျိုးအစားကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ ဇွန်လတွင် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေး ရှေးရှုဆောင်ရွက်ရန် သဘောတူခဲ့ကြသော်လည်း လုပ်ငန်းစဉ်အသေးစိတ်ထွက်ပေါ်လာခြင်း မရှိသေးပေ။
သမ္မတထရမ့်နှင့်တွေ့ဆုံရာတွင် ကင်ဂျုံအွန်ပေးခဲ့သည့်ကတိကို ယုံကြည်နေဆဲဖြစ်ကြောင်း အမေရိကန်က ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယားသည် ပြုံယမ်း၏ နည်းဗျူဟာလက်နက်သစ်ဖြစ်စဉ်ကို လေ့လာဆန်းစစ်နေကြောင်း ပြောဆိုခဲ့သည်။ ကေစီအင်န်အေက ဗဟာဗျူဟာမြောက်လက်နက်ဟု သုံးစွဲခြင်းမပြု၍ လက်နက်သစ်သည် သမားရိုးကျလက်နက်သာဖြစ်သည်ဟု ယုံကြည်ကြောင်း တောင်ကိုရီးယားမှ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။
မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှစ၍ မည်သည့်လက်နက်စမ်းသပ်မှုကိုမျှ လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ သို့သော် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာပိတ်ဆို့မှုများနှင့် အမေရိကန် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအငယ်စားများအပေါ် ဒေါသထွက်ကြောင်း လွန်ခဲ့သည့်ရက်များက ပြောဆိုခဲ့ပြီးနောက် လက်နက်စမ်းသပ်မှုကို မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မည်သို့ဖြစ်စေ သမ္မတထရမ့်သည် ကင်ဂျုံအွန်နှင့် ထပ်မံတွေ့ဆုံရန် ပိုင်းဖြတ်ထားဆဲဖြစ်ပြီး ဒုတိယအကြိမ် ထိပ်သီး တွေ့ဆုံပွဲကို လာမည့်နှစ် အစောပိုင်းတွင် ပြုလုပ်ရန် ပြောဆိုထားသည်။

















