ဆော်ဒီအာရေဗျရှိ အမျိုးသမီးများသည် အပြင်ထွက်ရာတွင် မဖြစ်မနေဝတ်ဆင်ရသည့် အဘယာခေါ် ဝတ်ရုံရှည်ကြီးများကို ဝတ်ဆင်လိုခြင်းမရှိသောကြောင့် ဆန့်ကျင်ကန့်ကွက်မှုများကိုပြုလုပ်နေပြီဖြစ်သည်။
အဘယာပြောင်းပြန်ဝတ်ဆင်ရေး ဟု အမည်ရသည့် လှုပ်ရှားမှုဖြင့် ဆော်ဒီအမျိုးသမီးများသည် ဝတ်ရုံရှည်များကို ပြောင်းပြန်ဝတ်ဆင်ထားပုံများကို အွန်လိုင်းတွင်ဖော်ပြခဲ့ကြသည်။ ဝတ်ရုံရှည်ကို ဝတ်ဆင်ရန် ဥပဒေပြဌာန်းထားခြင်းမရှိကြောင်း အိမ်ရှေ့မင်းသား မိုဟမ္မဒ် ဘင် ဆယ်လ်မန်က မတ်တွင်ပြောဆိုခဲ့သည်။
တွစ်တာ၌ အဘယာဆန့်ကျင်ရေးရေးသားမှု ၅၀ဝ၀ ခန့်ရှိနေပြီဖြစ်သည်။
ဆော်ဒီအာရေဗျရှိ အမျိုးသမီးများသည် ဝတ်ရုံရှည်ကိုသာမက ခေါင်းဆောင်းများကိုပါဝတ်ဆင်ဆင်မြန်းရန် ဆော်ဒီအာဏာပိုင်များက ညွှန်ကြားထားသည်။
သို့သော် အမျိုးသမီးများသည် အရှက်လုံသည့် ဝတ်စုံများကိုသာ ဝတ်ဆင်ရန်လိုအပ်ပြီး အဘယာကို မလိုအပ်ပါက မဝတ်ဆင်ခွင့်ရှိကြောင်း အိမ်ရှေ့မင်းသားက မတ်တွင်ပြောဆိုခဲ့သည်။ အမျိုးသမီးများသည် လူလေးစားလောက်သည့် အဝတ်အစားများကိုသာ ဝတ်ဆင်ရန်လိုအပ်ကြောင်း ရှားရီယားဥပဒေများတွင် ဖော်ပြထားပြီးသားဖြစ်သည်ဟု ၎င်းကပြောဆိုခဲ့သည်။
ကိုယ့်သရုပ်သကန်ကိုပြသပါက ခြိမ်းခြောက်ခံရမည်ဟု ဆိုလိုသည့် နိုင်ငံတော်စည်းမျဉ်းများနှင့် ဓလေ့များကို ဆန့်ကျင်ကြောင်းပြသည့်အနေဖြင့် ဝတ်ရုံရှည်များကို ပြောင်းပြန်ဝတ်ဆင်နေခြင်းဖြစ်ကြောင်း တွစ်တာအသုံးပြုသူ ဟောင်ရာကပြောဆိုခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ဆော်ဒီအမျိုးသမီးများသည် အနက်ရောင်ဝတ်ရုံရှည်များထက် အရောင်စုံဝတ်ရုံရှည်များကို ဝတ်ဆင်လာခဲ့သည်။ ထို့ပြင် စကတ်ရှည်သို့မဟုတ် ဂျင်းဘောင်းဘီရှည်များကိုဝတ်ဆင်ပြီး ထွင်းဖောက်မြင်ရသည့် ဝတ်ရုံရှည်ကြီးများကိုလည်း ဝတ်ဆင်လာခဲ့သည်။
ဆော်ဒီအမျိုးသမီးများသည် ဖခင်၊ အစ်ကို၊ ခင်ပွန်းနှင့်သားတို့၏ခွင့်ပြုချက်မရဘဲ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း၊ ပြည်ပသို့ခရီးသွားခြင်း၊လက်ထပ်ခြင်း၊ ဘဏ်ငွေစာရင်းဖွင့်ခြင်း၊ စီးပွားရေးလုပ်ငန်းစတင်ခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်းနှင့် အကျဉ်းထောင်မှထွက်ခွာခြင်း အစရှိသည်တို့ကို လုပ်ဆောင်ခွင့်မရချေ။

















