တောမီးကြောင့် ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းတွင် တစ်ရက်အတွင်း ပျောက်ဆုံးသူနှစ်ဆတိုး၊ ၆၃၀ ကျော်ရှိလာ

တောမီးကြောင့် ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းတွင် တစ်ရက်အတွင်း ပျောက်ဆုံးသူနှစ်ဆတိုး၊ ၆၃၀ ကျော်ရှိလာ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် လောင်ကျွမ်းသည့်တောမီးကြောင့် ပြည်နယ် မြောက်ပိုင်းတစ်ခွင် ပျောက်ဆုံးနေသူ အရေအတွက်သည် တစ်ရက်အတွင်း နှစ်ဆတိုး၍ ၆၃၀ ကျော်အထိ ခုန်တက်လာပြီး သေဆုံးသူ အရေအတွက်မှာလည်း ၆၃ ဦးအထိ ရှိလာခဲ့သည်။

နိုဝင်ဘာ ၁၅ ရက်အစောပိုင်းအထိ ပျောက်ဆုံးသူ ၃၀ဝ သာ ရှိခဲ့သည်။ ပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးအနက် အကြီးဆုံးမီးလောင်မှုဖြစ်သည့် မြောက်ပိုင်းမှ စခန်းမြေမီးကြောင့် အဆိုးရွားသေကြေပျောက်ဆုံးမှုဖြစ်နေပြီး အဆောက်အအုံ ၁၂၀ဝ၀ နီးပါးလည်း ပျက်စီးခဲ့ပြီးဖြစ်သည်။

တောင်ပိုင်းမှ ဝူးလ်ဆေးမီးလောင်ပြင်တွင်လည်း သုံးဦးထက်မနည်း ထပ်မံသေဆုံးခဲ့သည်။ သမ္မတထရမ့်သည် နိုဝင်ဘာ ၁၇ ရက်(ယနေ့)တွင် ကယ်လီဖိုးနီးယားသို့လာရောက်ကြည့်ရှုမည်ဖြစ်သည်။ ပြည်နယ်တစ်ဝန်း တောမီးများကို မီးသတ်သမား ၉၄၀ဝ ဖြင့် ငြှိမ်းသတ်နေသည်။

စခန်းမြေမီး၊ ဝူးလ်ဆေးမီးနှင့် တောင်ကုန်းမီးဟူ၍ အဓိကမီးလောင်ပြင်သုံးခုနှင့် မီးလောင်ပြင်အသေးစားတစ်ဒါဇင်ကျော် လောင်ကျွမ်းနေခြင်းဖြစ်သည်။ စခန်းမြေမီးကြောင့် ဧက ၁၄၅၀ဝ ပျက်စီးခဲ့ပြီး လော့စ်အိန်ဂျယ်လိစ်အနီးမှ ဝူးလ်ဆေးမီးက ဧက ၁၀ဝ၀ဝ၀ ကိုခြိမ်းခြောက်နေသည်။ တောင်ကုန်းမီးသည် ဗင်တူရာတောင်ပိုင်းမှ ဧက ၄၅၃၀ ကို ခြိမ်းခြောက်နေပြီး ဆန်ဖရန်စစ္စကိုတောပိုင်းတွင်းလည်း လောင်ကျွမ်းနေသည်။

နာမည်ကြီးအနုပညာရှင်များ၏အိမ်အများအပြားရှိရာ ကမ်းခြေမြို့နှင့် ပါရာဒိုက်စ်မြို့လည်း အကြီးအကျယ် ပျက်စီးခဲ့သည်။ မီးစတင်လောင်ကျွမ်းရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ ကယ်လီဖိုးနီးယားဒေသခံများစွာတို့သည် ဗို့အားမြင့်ဓာတ်အားလိုင်းချွတ်ယွင်းမှုကြောင့် စခန်းမြေမီးလောင်မှု စတင်ခဲ့သည်ဟု စွပ်စွဲလျက် လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီကို တရားစွဲဆိုခဲ့သည်။