ဇင်ဘာဘွေနိုင်ငံတွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးမီးလောင်၍ ယာဉ်ပေါ်လိုက်ပါလာသူ ၄၀ ကျော်သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်သည်။
ဖြစ်ပျက်ပုံအသေးစိတ်နှင့် အကြောင်းရင်း မသိရသေးသော်လည်း နိုဝင်ဘာ ၁၅ ရက်ညဉ့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဇင်ဘာဘွေရဲတပ်ဖွဲ့ပြောခွင့်ရသူ ချာရတီ ချာရမ်ဘာက ပြောဆိုခဲ့သည်။
ဇင်ဘာဘွေကြက်ခြေနီအဖွဲ့က တွစ်တာပေါ်တင်သည့် ဓာတ်ပုံတွင် ဘတ်စ်ကားမှာ ပြာကျမတတ် လုံးဝမီးလောင်ထားသည်ကို တွေ့ရသည်။
ဘတ်စ်ကားသည် အိမ်နီးချင်းတောင်အာဖရိကသို့ ဦးတည်နေခြင်းဖြစ်ပြီး ဇင်ဘာဘွေမြို့တော် ဟာရာရေးတောင်ဘက် ကီလိုမီတာ ၅၅၀(မိုင် ၃၄၀)အကွာ ဂွာဒါခရိုင်တွင် မီးလောင်ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့်အပတ်ကလည်း ဇင်ဘာဘွေတွင် ဘတ်စ်ကားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိ၍ လူ ၅၀ သေဆုံးပြီး ၈၀ ခန့် ဒဏ်ရာရရှိခဲ့သည်။


















