အယ်လ်နီညို စောင့်ကြည့်ဧရိယာ လေးခုလုံး၏ ပင်လယ်ရေမျက်နှာပြင် အပူချိန် ပြောင်းလဲ မှုသည် ပုံမှန်ထက် ကျော်လွန်နေပြီဖြစ်၍ အယ်လ်နီညိုဖြစ်ပေါ်နေပြီဟု မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ပြောထားသည်။
၂၀၁၉ ခုနှစ်အတွင်းဖြစ်မည့် အယ်လ်နီညိုကြောင့် လွန်ကဲမှုများဖြစ်သည့် အပူချိန်မြင့်ခြင်း ၊ ရေကြီးခြင်း ၊ မုန်တိုင်းများဖြစ်ခြင်း စသည့် လွန်ကဲဖြစ်စဉ်များ ဖြစ်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောသည်။
" မိုးလေဝသ လေ့လာတဲ့ သိပ္ပပညာရှင်အဖွဲ့က ၂၀၁၉ ကနေ ၂၀၂၂ နှစ်အထိ လေးနှစ်က ကမ္ဘာ့သမိုင်းမှာ အပူဆုံးနှစ်ဖြစ်လာ မယ်လို့ကြေညာထားတယ်။ အပူဆုံးနှစ်လည်းပြောထားတယ်။ အယ်လ်နီညိုကလည်း ဖြစ်ဦးမယ်ဆိုတော့ အပူချိန်က တော်တော်လေးကို သတိထားရမယ့် အရာပါ ။ ဆရာက အဓိက ပြောချင်တာက သတိတော့ ထားပေါ့နော် ။ အယ်လ်နီညိုက အနည်းဆုံး ၁၂လကနေပြီး အများဆုံး ၁၈ လထိကြာတတ်ပါတယ် "ဟု ဒေါက်တာထွန်းလွင် က ပြောသည်။
၂၀၁၉ ခုနှစ်တွင် အပူချိန်မြင့်မားမည်ဖြစ်၍ သတိထားနေထိုင်ရန်နှင့် အယ်လ်နီညို နှင့် ပတ်သက်ပြီး အပတ်စဉ်ထုတ်ပြန်ချက်အပေါ်မူတည်ကာ လိုအပ်သည့်စီမံမှုများကို လုပ်ဆောင်ထားသင့်ကြောင်း ၎င်းက ဆိုသည်။
အယ်လ်နီညို ရာသီဥတုသည် ယခင်က ငါးနှစ်မှ ခုနစ် နှစ်အတွင်းသာ ဖြစ်ပေါ်တတ်ပြီး ယခုနောက် ပိုင်းတွင် သုံးနှစ်လျှင် တစ်ကြိမ်ဖြစ်ပေါ်လာသည်ကိုလည်း တွေ့ရ၍ အယ်လ်နီညိုဖြစ်စဉ် ကြာချိန်သည် ၁၂ လမှ ၁၈ လအထိ ကြာမြင့်စွာ ဖြစ်ပေါ်တတ်ကြောင်း ၎င်းက ပြောသည်။
အယ်လ်နီညို ဖြစ်ပေါ်လာပါက ကူးစက်ရောဂါဖြစ်သည့် ဇီကာဗိုင်းရပ်စ်ပိုးကိုလည်း သတိထား ရမည်ဖြစ်ကြောင်း၊ ယင်းဗိုင်းရပ်စ်ဖြစ်ပေါ်မှုသည် ၂၈ နိုင်ငံထဲတွင် မြန်မာနိုင်ငံ ပါဝင်နေကြောင်း ၊ ထိုဗိုင်းရပ်စ်အား နှိမ်နှင်းရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြိုးပမ်းနေသော်လည်း ဆေးကုသရန် ဆေးအလုံအလောက် မရရှိသေးသဖြင့် သတိပြုနေထိုင်ရန် ၎င်းက ဆိုသည်။
















