ဆော်ဒီသတင်းသမား ဂျမဲလ်ခါရှောဂီကို တူရကီနိုင်ငံရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း၌သတ်ဖြတ်ရန် ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆဲလ်မန်က ညွန်ကြားခဲ့သည်ဟု အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (စီအိုင်အေ)က ယုံကြည်ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။
ယင်းသို့ယုံကြည်စေလောက်သည့် အထောက်အထားများလည်းရှိကြောင်း စီအိုင်အေနှင့်နီးစပ်သူများက ပြောဆိုခဲ့သည်။ ခါရှောဂီကိုသတ်မိန့်သည် ဆော်ဒီအမြင့်ဆုံးအဆင့်မှလာကြောင်း အိမ်ရှင်တူရကီလည်း စွပ်စွဲထားသည်။
ဆော်ဒီအာဏာပိုင်များကမူ အိမ်ရှေ့စံ ဆဲလ်မန်အပေါ် စွပ်စွဲချက်များ မှားယွင်းကြောင်း၊ ၄င်းသည် ခါရှောဂီအား သတ်ဖြတ်မည့်အစီအစဉ်ကို မသိရှိခဲ့ကြောင်း ပြောဆိုငြင်းဆန်ခဲ့သည်။
အလောင်းမတွေ့ရသေးသည့် သေဆုံးသူခါရှောဂီအတွက် အသုဘအခမ်းအနားများကို ဆော်ဒီနှင့်တူရကီတွင် ကျင်းပခိုက် ဝါရှင်တန်ပို့စ်သတင်းစာက စီအိုင်အေ၏အကဲဖြတ်ချက်ကို ဖော်ပြခဲ့သည်။
ယင်းအကဲဖြတ်ချက်သည် ဆော်ဒီတော်ဝင် အသိုင်းအဝိုင်းနှင့်နီးစပ်ခဲ့သူလည်းဖြစ်သည့် ခါရှောဂီထံ အိမ်ရှေ့စံ ဆဲလ်မန်၏ညီဖြစ်ပြီး အမေရိကန်ဆိုင်ရာ ဆော်ဒီသံအမတ် တာဝန်ထမ်းနေသူ မင်းသား ခါလက်ဘင်ဆဲလ်မန်က ဖုန်းဖြင့် ဆက်သွယ်ခဲ့မှုအပေါ် အခြေပြုခဲ့သည်။
မင်းသားခါလက်သည် အစ်ကိုအိမ်ရှေ့စံ၏ညွန်ကြားချက်အရ ခါရှောဂီထံဖုန်းဆက်ကာ ဆော်ဒီကောင်စစ်ရုံးသို့ လာရောက်ပါက ဘေးကင်းစွာပြန်ထွက်ခွင့်ပြုမည်ဟု အာမခံခဲ့ကြောင်း သတင်းတွင်ဖော်ပြခဲ့သည်။ ကောင်စစ်ရုံးကမူ ခါလက်သည် ခါရှောဂီကို တူရကီသို့လာရောက်ရန် ပြောဆိုခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။
စီအိုင်အေသတင်းနှင့်ပတ်သက်၍ အိမ်ဖြူတော်နှင့် နိုင်ငံခြားရေးဌာနတို့က မှတ်ချက်မပေးသေးပေ။ မည်သို့ဖြစ်စေ ဆော်ဒီအိမ်ရှေ့စံက တိုက်ရိုက်သတ်မိန့်ပေးခဲ့ကြောင်း သက်သေခံချက်မူ မတွေ့ရကြောင်း သတင်းများက အလေးပေး ဖော်ပြခဲ့ပြီး ၄င်း၏ခွင့်ပြုချက်အရ သတ်ဖြတ်သည်ဟု စီအိုင်အေက ယုံကြည်ကြောင်းသာ ဖော်ပြခဲ့ကြခြင်းဖြစ်သည်။
ရီယာ့ဒ်တွင် နိုဝင်ဘာ ၁၅ ရက်၌ ဆော်ဒီတို့က သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ရာတွင် ခါရှောဂီသည် ကောင်စစ်ရုံးတွင်း ဆေးထိုးအသတ်ခံရပြီးနောက် အလောင်းကို အပိုင်းပိုင်းဖြတ်ကာ ယင်းအစိတ်အပိုင်းများကို စွန့်ပစ်ရန် ဒေသခံဝန်ထမ်းတစ်ဦးကို ပေးခဲ့ကြောင်း၊ တာဝန်ရှိသူများကို ဖမ်းဆီးစစ်ဆေးနေပြီး ၄င်းတို့အနက် ငါးဦးသေဒဏ်ပေးခံရမည် ဖြစ်ကြောင်း၊ အမှုသည် အိမ်ရှေ့စံနှင့် ပတ်သက်ခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။

















