သတင်းထောက်များ အပြုအမူမကောင်းပါက သတင်းစာရှင်းလင်းပွဲများမှ ၎င်းထွက်သင့်လျှင် ထွက်ခွာ ရလိမ့်မည်ဖြစ်ကြောင်း သမ္မတထရမ့်ခြိမ်းခြောက်

သတင်းထောက်များ အပြုအမူမကောင်းပါက သတင်းစာရှင်းလင်းပွဲများမှ ၎င်းထွက်သင့်လျှင် ထွက်ခွာ ရလိမ့်မည်ဖြစ်ကြောင်း သမ္မတထရမ့်ခြိမ်းခြောက်

စီအင်န်အင်န်သတင်းထောက်တစ်ဦးကို အိမ်ဖြူတော်တွင် သတင်းယူခွင့်ပြန်လည်ပေးအပ်ရန် တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် သတင်းထောက်များအပြုအမူမကောင်းပါက ရှေ့လျှောက်ကျင်းပမည့် သတင်းစာ ရှင်းလင်းပွဲများတွင် ၎င်းထွက်ခွာသင့်လျှင် ထွက်ခွာသွားရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့သည်။

စီအင်န်အင်န်သတင်းထောက် ဂျင်အကော်စတာသည် နိုဝင်ဘာ ၈ ရက်က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် ထရမ့်အား မေးခွန်းမေးမြန်းရာမှ အငြင်းပွားမှုတစ်ရပ်ဖြစ်ကာ ၄င်း၏အိမ်ဖြူတော်သတင်းရယူခွင့် ရုပ်သိမ်းခံခဲ့ရ၍ စီအင်န်အင်န်က အိမ်ဖြူတော်ကို တရားစွဲခဲ့သည်။

ဝါရှင်တန်တရားရုံးတစ်ရုံးက အိမ်ဖြူတော်ဆုံးဖြတ်ချက်သည် လွတ်လပ်စွာ သတင်းရယူခွင့်ကို ချိုးဖောက်ဖွယ်ရှိသည်ဟု သုံးသပ်လျက် ဂျင်အကော်စတာအား အိမ်ဖြူတော်သတင်းရယူခွင့် ပြန်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
    ထရားရုံးဆုံးဖြတ်ချက်ကို အမေရိကန်မီဒီယာများက တစ်ခဲနက်ကြိုဆိုထောက်ခံခဲ့ကြပြီး အကော်စတာသည် အိမ်ဖြူတော်၌ အလုပ်ပြန်ဆင်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    တရားရုံးဆုံးဖြတ်ချက်ကို ထရမ့်က အရေးမပါသယောင်ပြောခဲ့သော်လည်း ၄င်း၏လက်ထောက်များကို မေးခွန်း ကန့်သတ်မှုအပါအဝင် မီဒီယာများအတွက် စည်းမျဉ်းဥပဒေများရေးဆွဲရန် တာဝန်ပေးခဲ့သည်။

သတင်းထောက်များသည် လေးစားဖွယ်အပြုအမူ ရှိသင့်ကြောင်း၊ ထရပ်ပြီး ပြန်မထိုင်စတမ်း မေးခွန်း သုံးလေးခု ဆက်တိုက်မေးခွင့်မပြုနိုင်ကြောင်း၊ သတင်းထောက်များ၏ အပြုအမူဆိုးရွားပါက ၄င်းထွက်သွားရလိမ့်မည် ဖြစ်ကြောင်း ထရမ့်ကပြောဆိုခဲ့ခြင်းဖြစ်သည်။
    အမေရိကန်လူမှုအခွင့်အရေးအစည်းအရုံး(အေစီအယ်လ်ယူ)က သတင်းထောက် အကော်စတာကို အသံတိတ်ရန် အိမ်ဖြူတော်၏ကြိုးပမ်းချက်သည် နောက်ပြန်အကျိုးသက်ရောက်ခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။