မော်လမြိုင်-ဘားအံ သံလွင်မြစ်ကြောင်း အပျော်စီးသင်္ဘောခရီးစဉ် စတင်ပြေးဆွဲ

မော်လမြိုင်-ဘားအံ သံလွင်မြစ်ကြောင်း အပျော်စီးသင်္ဘောခရီးစဉ် စတင်ပြေးဆွဲ

မွန်ပြည်နယ် မော်လမြိုင်အခြေပြု မော်လမြိုင်-ဘားအံ သံလွင်မြစ်ကြောင်း အပျော်စီးသင်္ဘောခရီးစဉ်ကို နိုဝင်ဘာ ၁၇ ရက်မှစတင်ကာ နေ့စဉ်ပြေးဆွဲနေပြီ ဖြစ်သည်။

အဆိုပါ ခရီးစဉ်ကို ယခင်က မော်လမြိုင်-ချောင်းဆုံသို့ ပြေးဆွဲခဲ့သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးမှ ထီးလှိုင်ရှင်သင်္ဘောဖြင့် Tint Tint Myanmar Group of Companies က စီစဉ်ပြေးဆွဲခြင်း ဖြစ်သည်။ 
သင်္ဘောဖြင့် မော်လမြိုင်-ဘားအံခရီးစဉ်အပြင် မော်လမြိုင်တွင် သင်္ဘောပေါ်မှ နေဝင်ချိန်ကြည့်သည့် အစီအစဉ်လည်းရှိနေသည်။ 
“ဧရာဝတီမြစ်လှသလို သံလွင်မြစ်ကလည်း သူ့အလှနဲ့သူ ထူးထူးခြားခြားရှိတယ်” ဟု Tint Tint Myanmar Group of Companies ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောသည်။

မော်လမြိုင်-ဘားအံ အပျော်စီးသင်္ဘောခရီးစဉ်သည် နေ့ချင်းပြန်ခရီးစဉ်ဖြစ်ပြီး ခရီးစဉ်တစ်ကြောင်း (မော်လမြိုင်-ဘားအံ) လျှင် နိုင်ငံခြားခရီးသည်တစ်ဦး အမေရိကန်ဒေါ်လာ ၇ ဒေါ်လာနှုန်းနှင့် ပြည်တွင်းခရီးသည်တစ်ဦးလျှပ် ကျပ် ၇၀ဝ၀ နှုန်း သတ်မှတ်ထားသည်။ 
နေဝင်ချိန်ကြည့်မည့် အစီအစဉ်တွင် တစ်ဦးလျှင် ကျပ် သုံးထောင်နှုန်းဖြင့် သတ်မှတ်ထားသည်။

သင်္ဘောပေါ်တွင် ဒေသရိုးရာအစားအစာများ မှာယူစားသုံးနိုင်သည့်အပြင် ဒေသထွက်လက်မှုပစ္စည်းများ၊ သစ်သီးဝလံများ အမှတ်တရပစ္စည်းများ ဝယ်ယူနိုင်ရန်လည်း စီစဉ်ထားသည်ဟု ဒေါ်တင့်တင့်လွင်က ပြောသည်။

ပြည်ပခရီးသွားဧည့်သည်များ စိတ်ဝင်စားလျက်ရှိသည့် မော်လမြိုင်-ဘားအံ သံလွင်မြစ်ကြောင်းခရီးစဉ်ကို Thanlwin Princess Cruises မှလည်း လှေဖြင့် ပြေးဆွဲလျက်ရှိသည်။ ပွင့်လင်းရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလတို့တွင် သွားလာသည့်ခရီးသည် များပြားလျက်ရှိသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး