တရုတ်အပေါ် ဂျာမနီက အဆိုးမမြင်သင့်ကြောင်း ဂျာမနီဝန်ကြီးချုပ်ဟောင်း ရှရိုးဒါး ပြောဆို

တရုတ်အပေါ် ဂျာမနီက အဆိုးမမြင်သင့်ကြောင်း ဂျာမနီဝန်ကြီးချုပ်ဟောင်း ရှရိုးဒါး ပြောဆို

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်နေရချိန်တွင် ဂျာမနီနှင့် တရုတ်တို့ ပိုမိုပူးပေါင်းဆောင်ရွက်သင့်သောကြောင့် ဂျာမနီအနေဖြင့် တရုတ်နိုင်ငံအပေါ် အဆိုးမမြင်သင့်ကြောင်း ဂျာမနီဝန်ကြီးချုပ်ဟောင်း ဂျာဟတ်ရှရိုးဒါးက ပြောဆိုခဲ့သည်။

ရှရိုးဒါးသည် ရုရှား၊ တရုတ်တို့နှင့် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့ဖူးသူဖြစ်သည်။ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ရှရိုးဒါးသည် တရုတ်သို့ မကြာခဏသွားရောက်ခဲ့ပြီး တရုတ်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်ဖြစ်ရေးအတွက် အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သူဖြစ်ကာ တရုတ်က တီယင်မန်ရင်ပြင်နှိမ်နင်းမှုပြုလုပ်ခဲ့ပြီးနောက် ချမှတ်ခဲ့သည့် လက်နက်ရောင်းချမှုပိတ်ဆို့မှုကို ရုပ်သိမ်းပေးရန် ဥရောပသမဂ္ဂအား တိုက်တွန်းခဲ့ဖူးသူဖြစ်သည်။
    အကျိုးတူစီးပွားရှိနိုင်သည့် မဟာမိတ်များကို စဉ်းစားသည့်အခါ တရုတ်အကြောင်းကို တွေးမိခဲ့ကြောင်း ရှရိုးဒါးက ဘာလင်ရှိ အွန်တားဒိန်လင်ဒန်(သစ်ပွပင်များအောက်တွင်)အမည်ရှိ ရိပ်သာလမ်းရှိ ၎င်း၏ရုံးတွင် ပြောဆိုခဲ့သည်။ အမေရိကန်က ဖန်တီးသည့် ပဋိပက္ခများကြောင့် ထိခိုက်ရသည့် နိုင်ငံများသည် ပူးပေါင်းရန်လိုအပ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ 
    တရုတ်ရှိ ဂျာမန်ကုမ္ပဏီများ စီးပွားရေးတိုးတက်နေသော်လည်း တရုတ်သမ္မတရှီကျင့်ဖျင်၏လက်အောက်တွင် နိုင်ငံတော်၏ထိန်းချုပ်မှုပိုမိုတင်းကျပ်လာခြင်းနှင့် တရုတ်ပြိုင်ဘက်ကုမ္ပဏီများ မျက်နှာသာပေးခံရခြင်းအစရှိသည့် အချက်များကြောင့် စိုးရိမ်မှုများရှိနေခဲ့သည်။ ဂျာမနီသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုကန့်သတ်မည့် ဥပဒေကြမ်းကို အတည်ပြုနိုင်ရေး စီစဉ်နေပြီး ဥရောပသမဂ္ဂနိုင်ငံများကလည်း တရုတ်နှင့်စီးပွားရေးအရသဘောတူညီမှုများကို သုံးသပ်ရန် ပြင်ဆင်နေသည်။
    ဂျာမနီ၏မျိုးဆက်သစ်မိုဘိုင်းကွန်ရက်တည်ဆောက်ရာတွင် ဟွာဝေးကဲ့သို့ တရုတ်ကုမ္ပဏီများကို ဖယ်ထုတ်ရန် ကြိုးပမ်းမှုကိုလည်း ရှရိုးဒါးက ဝေဖန်ခဲ့သည်။ ဟွာဝေးကြောင့် အမျိုးသားအကျိုးစီးပွားထိခိုက်သွားနိုင်ကြောင်းပြောဆိုကာ အမေရိကနှ်နှင့် သြစတြေးလျတို့က ဟွာဝေးကိုပိတ်ပင်ခဲ့ကြပြီးဖြစ်သည်။
    အသက် ၇၄ နှစ်အရွယ် ရှရိုးဒါးသည် ၂၀ဝ၀ ပြည့်နှစ်အစောပိုင်းနှစ်များတွင် ဂျာမနီစီးပွားရေးပြန်လည်ဦးမော့အောင်လုပ်ဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ သို့သော် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ရင်းနှီးခဲ့သူဖြစ်သောကြောင့် အငြင်းပွားစရာကောင်းသူလည်းဖြစ်နေခဲ့သည်။ ရှရိုးဒါးသည် ယခုအချိန်တွင် ရုရှားရေနံကုမ္ပဏီ ရော့စ်နက်၏ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေသည်။