ဝန်ကြီးချုပ်အသစ်အား အယုံအကြည်မရှိအဆိုတင်သွင်းမှု သီရိလင်္ကာသမ္မတလက်မခံ၊ လွှတ်တော်တွင်း ခိုက်ရန်ဖြစ်ပွား

ဝန်ကြီးချုပ်အသစ်အား အယုံအကြည်မရှိအဆိုတင်သွင်းမှု သီရိလင်္ကာသမ္မတလက်မခံ၊ လွှတ်တော်တွင်း ခိုက်ရန်ဖြစ်ပွား

သီရိလင်္ကာသမ္မတ မိုင်သရီပါလာ သီရိသေနာက ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ထားသည့် မဟိန္ဒာ ရာဇပါကသနှင့်ပတ်သက်၍ လွှတ်တော်တွင်း နိုဝင်ဘာ ၁၆ ရက်တွင် အယုံအကြည်မရှိအဆိုတင်သွင်းပြီး မဲခွဲရာ၌် ရာဇပါကသကိုထောက်ခံသည့်အမတ်များနှင့် ဆန့်ကျင်သည့်အမတ်များကြား ခိုက်ရန်ဖြစ်ပွားမှုရှိခဲ့သည်။

လွှတ်တော်အမတ်များသည် ရာဇပါကသနှင့်ပတ်သက်၍ အယုံအကြည်မရှိအဆိုကို ဒုတိယအကြိမ်မဲခွဲဆုံးဖြတ်ခြင်းဖြစ်သော်လည်း သီရိသေနာက ယင်းရလဒ်ကို လက်ခံခြင်းမရှိခဲ့ချေ။ ရာဇပါကသကို ထောက်ခံသည့် အမတ်များက ငရုတ်ရည်များဖြင့် ပက်ခြင်း၊ ထိုင်ခုံများဖြင့် ပစ်ပေါက်ခြင်းတို့ကို ပြုလုပ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များသည် လွှတ်တော်ဥက္ကဋ္ဌ ကာရူ ဇယသူရိယအား ဒိုင်းများဖြင့် အကာအကွယ်ပေးပြီး လွှတ်တော်တွင်း ခေါ်သွင်းခဲ့ရသည်။ ရာဇပါကသကိုထောက်ခံသည့်အမတ်များ၏တိုက်ခိုက်မှုကြောင့် အတိုက်အခံအမတ်တချို့နှင့်ရဲတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့သည်။
    အောက်တိုဘာ ၂၆ ရက်တွင် သမ္မတသီရိသေနာသည် ရာနီး ဝစ်ကရာမာဆင်ဂဲကို ဝန်ကြီးချုပ်အဖြစ်မှ ဖြုတ်ချပြီး ၎င်း၏နေရာတွင် ရာဇပါကသကို ခန့်အပ်ခဲ့သည်။ သီရိသေနာသည် လွန်ခဲ့သောအပတ်တွင် လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီး ရွေးကောက်ပွဲသစ်များကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း တရားလွှတ်တော်ချုပ်က သီရိသေနာ၏ညွှန်ကြားချက်ကို မသက်ရောက်စေရဟု နိုဝင်ဘာ ၁၃ ရက်တွင် ဆုံးဖြတ်ခဲ့သည်။
    ဇယသူရိယသည် လွှတ်တော်ဥက္ကဋ္ဌနေရာတွင် ထိုင်ခွင့်မရသောကြောင့် လွှတ်တော်ကြမ်းပြင်မှာပင် မတ်တပ်ရပ်ပြီး မဲခွဲမှုကိုကြီးကြပ်ခဲ့သည်။ မဲခွဲဆုံးဖြတ်ပြီးနောက် ဇယသူရိယသည် နိုဝင်ဘာ ၁၉ ရက်အထိ လွှတ်တော်အစည်းအဝေးများကို ရပ်ဆိုင်းခဲ့သည်။
    လွှတ်တော်ကိုဖျက်သိမ်းမည်မဟုတ်သော်လည်း ပါတီအားလုံသည် ဒီမိုကရေစီနည်းလမ်းများနှင့် လွှတ်တော်အစဉ်အလာများကို လိုက်နာကျင့်သုံးရန် သီရိသေနာက တိုက်တွန်းပြောဆိုခဲ့သည်။ နိုဝင်ဘာ ၁၅ ရက်တွင် လွှတ်တော်တွင်း ရာဇပါကသကိုထောက်ခံသည့်အမတ်နှင့် ဆန့်ကျင်သည့်အမတ်များကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ အယုံအကြည်မရှိအဆိုနှင့်ပတ်သက်၍ မဲခွဲမှုရလဒ်များကို လက်မခံကြောင်း ရာဇပါကသက ထုတ်ပြန်ထားသည်။