အမေရိကန်ဒုတိယသမ္မတပန့်စ်နှင့် တရုတ်သမ္မတရှီတို့ အေပက်ညီလာခံ၌ အပြန်အလှန်ဝေဖန်ပြောဆိုခဲ့ကြ

အမေရိကန်ဒုတိယသမ္မတပန့်စ်နှင့် တရုတ်သမ္မတရှီတို့ အေပက်ညီလာခံ၌ အပြန်အလှန်ဝေဖန်ပြောဆိုခဲ့ကြ

ပါပူအာနယူးဂီနီမြို့တော် ပို့မော်ရက်စ်ဘီ၌ ပြုလုပ်နေသည့် အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု( အေပက်) ညီလာခံ၌ နိုဝင်ဘာ ၁၇ ရက်တွင် အမေရိကန်ဒုတိယသမ္မတမိုက်ခ်ပန့်စ်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့သည့် တစ်နိ်ုင်ငံနှင့်တစ်နိုင်ငံ ဝေဖန်ပြောဆိုမှုများပြုလုပ်ခဲ့သည်။

တရုတ်၏ တစ်နိုင်ငံတည်းအကျိုးရှိရေး ကုန်သွယ်ရေးမူဝါဒနှင့် ဉာဏ်ပစ္စည်းမူပိုင်ခွင့်ချိုးဖောက်မှုများကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြင်းပြင်းထန်ထန်ဆက်လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အမေရိကန်ဒုတိယသမ္မတမိုက်ခ်ပန့်စ်ကပြောဆိုခဲ့သည်။ တရုတ်က လမ်းစဉ်မပြောင်းသရွေ့ အမေရိကန်ပြည်ထောင်စုကလည်း နည်းလမ်းပြောင်းမည်မဟုတ်ကြောင်း ပန့်စ်ကပြောဆိုခဲ့သည်။
    သြစတြေးလျက ပါပူအာယူးဂီနီ၌ ရေတပ်စခန်းတည်ဆောက်ရာတွင် အမေရိကန်လည်းပါဝင်မည်ဖြစ်ကြောင်း ပန့်စ်ကပြောဆိုခဲ့သည်။ တရုတ်သည် ပါပူအာနယူးဂီနီနှင့် အခြားပစိဖိတ်ကျွန်းနိုင်ငံများအား ချေးငွေများထုတ်ပေးခြင်း၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ဆောင်ခြင်းတို့ပြင် စည်းရုံးမှုများပြုလုပ်နေသည်။ တရုတ်၏ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်စီမံကိန်းရှိ စီမံကိန်းများသည် အရည်အသွေးညံ့ဖျင်းလှကြောင်း ပန့်စ်ကပြောဆိုခဲ့သည်။ 
    ပန့်စ်မတိုင်မီတွင် မိန့်ခွန်းပြောဆိုခဲ့သည့် ရှီကလည်း အမေရိကန်၏ဝေဖန်မှုများကို ကြိုတွက်ပြီး ပြောဆိုခဲ့သည်။ နိုင်ငံများသည် ပူးပေါင်းပါဝင်မည်လား သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်မည်လား ဆိုသည့် လမ်းနှစ်ခုအနက် တစ်ခုခုကိုရွေးချယ်ရန်ရှိလာခဲ့ကြောင်း ရှီကပြောဆိုခဲ့သည်။ 
ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်စွာ ကုန်သွယ်ခွင့်ကြောင့် တရုတ်သည် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးပိုင်ဆိုင်သည့် နိုင်ငံဖြစ်လာခဲ့ကြောင်း၊ ကုန်သွယ်ရေးဆိုင်ရာစည်းမျဉ်းများကို အတ္တရှေ့တန်းတင်ပြီး လိုသလိုပြောင်းလဲရန်မဖြစ်နိုင်ကြောင်း ရှီကပြောဆိုခဲ့သည်။ နိုင်ငံတကာအခြေခံအဆောက်အအုံစီမံကိန်းများတွင် တရုတ်ပါဝင်နေခြင်းမှာ သြဇာလွှမ်းမိုးရန်မဟုတ်ကြောင်း ရှီကပြောဆိုခဲ့သည်။ 
    ပထဝီနိုင်ငံရေးရည်ရွယ်ချက်မရှိသလို ဖယ်ထုတ်ရန် ရည်ရွယ်ချက်လည်းမရှိကြောင်း၊ အဖွဲ့ဝင်မဟုတ်သူများကို ဖယ်ထုတ်ပြီး ထောင်ချောက်ဆင်သည့် လုပ်ရပ်လည်းမဟုတ်ကြောင်း ရှီကပြောဆိုခဲ့သည်။
    ကမ္ဘာ့စီးပွားရေး၏ ၆၀ ရာခိုင်နှုန်းရှိသော အေပက်အဖွဲ့ဝင် ၂၁ နိုင်ငံမှ ခေါင်းဆောင်များသည် ပူးတွဲကြေညာချက်ထုတ်ပြန်နိုင်ရန်နှင့် ကုန်သွယ်ရေးစည်းမျဉ်းများချမှတ်ပြီး စည်းမျဉ်းများကို ချိုးဖောက်သည့် နိုင်ငံများကို အပြစ်ပေးနိုင်သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကိုပြုပြင်ပြောင်းလဲရန်တို့နှင့်ပတ်သက်၍ အပြင်းအထန်ငြင်းခုန်နေရဆဲဖြစ်သည်။