ပြည်တွင်းစစ်ဖြစ်ပွားနေသည့် ယီမင်နိုင်ငံရှိ ကလေးငယ်တစ်ဦးကို ပြုံးလာအောင် လုပ်ခြင်းသည် ဝိညာဉ်တစ်ခုကို ကလိထိုးခြင်းနှင့်တူကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်၏အမှုဆောင်ဒါရိုက်တာ ဒေးဗစ် ဘီစ်လေက နိုဝင်ဘာ ၁၆ ရက်တွင် နယူးယောက်၌ ပြောဆိုခဲ့သည်။
ဘီစ်လေသည် ယီမင်သို့ သုံးရက်ကြာခရီးသွားရောက်ပြီး အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ မြို့တော် ဆာနာရှိ ဆရာဝန်တစ်ဦးက ဆေးရုံသို့ တစ်ရက်လျှင် ကလေး ၅၀ ခန့် ရောက်ရှိလာကြပြီး ၂၀ ဦးကိုသာ လက်ခံနိုင်ကာ ၃၀ ဦးကို နေအိမ်မှာပင် သေဆုံးရန် ပြန်ပို့နေရကြောင်း ပြောဆိုခဲ့သည်ဟု ဘီစ်လေက ပြောဆိုခဲ့သည်။
ယီမင်အစိုးရကို တိုက်ခိုက်နေသည့် ဟူသီသူပုန်များအား ၂၀၁၅ ခုနှစ်မှစ၍ ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်များက လေကြောင်းမှ တိုက်ခိုက်မှုများကိုပြုလုပ်ခဲ့သည်။
ယခုအချိန်တွင် ဟူသီများသည် ယီမင်နိုင်ငံအစိတ်အပိုင်းအတော်များများကို ထိန်းချုပ်ထားပြီး အစိုးရမှာမူ နိုင်ငံတောင်ပိုင်းကိုသာ အုပ်ချုပ်နိုင်နေသည်။
ယီမင်၏စီးပွားရေးအကျပ်အတည်းရှိနေပြီး ယီမင်လူဦးရေ၏ လေးပုံသုံးပုံသို့မဟုတ် ၂၂ သန်းသည် အကူအညီလိုအပ်နေသည်။
လူဦးရေ ၈ ဒသမ ၄ သန်းသည် အငတ်ဘေးကြုံနေရသည်။ ဘီစ်လေသည် ဆာနာရှိ ဆေးရုံတစ်ရုံသို့ရောက်ရှိခဲ့သည့် ရှစ်လသားကလေးငယ်တစ်ဦးအကြောင်းကိုလည်း ပြောဆိုခဲ့သည်။
မိခင်ဖြစ်သူသည် စစ်ဘက်ဆိုင်ရာစစ်ဆေးရေးစခန်းများစွာကိုဖြတ်သန်းပြီး မိုင်ရာပေါင်းများစွာခရီးဆက်ကာ ဆေးရုံသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ကလေးငယ်သည် ဆေးရုံသို့ရောက်ရှိပြီးနောက် သေဆုံးခဲ့ကြောင်း ဘီစ်လေကပြောဆိုခဲ့သည်။

















