လွန်ခဲ့သည့်တစ်နှစ်က ပျောက်ဆုံးခဲ့သည့် အာဂျင်တီးနားမှ ရေငုပ်သင်္ဘောပျက်တည်နေရာ အတ္တလန္တိတ်အောက်၌ တွေ့ရှိ

လွန်ခဲ့သည့်တစ်နှစ်က ပျောက်ဆုံးခဲ့သည့် အာဂျင်တီးနားမှ ရေငုပ်သင်္ဘောပျက်တည်နေရာ အတ္တလန္တိတ်အောက်၌ တွေ့ရှိ

လွန်ခဲ့သည့်တစ်နှစ်က သင်္ဘောသား ၄၄ ဦးနှင့်အတူ ပျောက်ဆုံးခဲ့သည့် ဆန်ဂျူအန်ရေငုပ်သင်္ဘော၏ တည်နေရာကို အတ္တလန္တိတ်အောက်၌တွေ့ရှိထားပြီဖြစ်ကြောင်း အာဂျင်တီးနားရေတပ်က ထုတ်ပြန်ခဲ့သည်။

ပါတာဂိုနီယာဒေသ၊ ဗာလ်ဒ်စ်ကျွန်းဆွယ်ကမ်းလွန် ရေအောက်အနက် မီတာ ၈၀ဝ(၂၆၂၅ ပေ)တွင် ရေငုပ်သင်္ဘောကို ထောက်လှမ်းတွေ့ရှိထားခြင်းဖြစ်သည်။ အမေရိကန်ရေအောက်ရှာဖွေရေးသင်္ဘော အိုးရှင်း အင်ဖင်နတီကို ငှားရမ်း၍ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ပျောက်ဆုံးခဲ့သည့် ဆန်ဂျူအန်မှ သင်္ဘောသားများ၏ မိသားစုများက တစ်နှစ်ပြည့်အမှတ်တရအခမ်းအနား ကျင်းပခဲ့ပြီး နှစ်ရက်အကြာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း အာဂျင်တီးနားတို့က ပြောဆိုခဲ့သည်။
    နိုဝင်ဘာ ၁၅ ရက်က ကျင်းပခဲ့သည့် ယင်းအမှတ်တရအခမ်းအနားတွင် အာဂျင်တီးနားသမ္မတ မော်ရီချီယို မာကရီက ကျန်ရစ်သူတို့၏မိသားစုများခံစားမှုသည် အဖြစ်မှန်ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့်တစ်နှစ်က ကမ်းခြေစခန်းသို့ ပြန်လာစဉ် အဆက်အသွယ်ပြတ်တောက်ခဲ့သည့် ရေငုပ်သင်္ဘောပျောက်ဆုံးရခြင်းအကြောင်းရင်းကို အပြည့်အဝ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    ယင်းရေငုပ်သင်္ဘောပျောက်ဆုံးမှုကို နိုင်ငံ ၁၈ နိုင်ငံအကူအညီဖြင့် ကျယ်ပြန့်စွာရှာဖွေခဲ့ပြီးနောက် တွေ့ရှိရန် မျှော်လင့်ချက်ပျက်ပြယ်ခဲ့ကာ အာဂျင်တီးနားရေတပ်ကသာ ဆက်လက်ရှာဖွေခဲ့ခြင်းဖြစ်သည်။

ဆန်ဂျူအန်သည် ဂျာမန်လုပ် ဒီဇယ်နှင့် လျှပ်စစ်နှစ်မျိုးသုံး တီအာရ် ၁၇၀ဝ အတန်းအစား ရေငုပ်သင်္ဘောဖြစ်ကာ ၁၉၈၀ ပြည့်လွန်နှစ်များအလယ်က တပ်တော်ဝင်ခဲ့သည်။

၄င်းကို ၂၀ဝ၈ ခုနှင့် ၂၀၁၄ အတွင်း ပြန်လည်ပြုပြင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၂ သန်းကုန်ကျခဲ့သည်။ ပြန်လည်ပြုပြင်မှုတွင် ကွဲပြားသည့်ထုတ်လုပ်သူများပါဝင်၍ ပြဿနာများရှိခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောဆိုခဲ့သည်။
    အချင်းဖြစ်ရက်တွင် ရေငုပ်သင်္ဘောဦးစီးမှူးက ဘက်ထရီပြဿနာကြောင့် ရေအောက်လေပိုက်မှ ရေများဝင်လာကြောင်း သတင်းပို့ခဲ့ပြီး နာရီအနည်းငယ်အကြာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ကို ထောက်လှမ်းခဲ့မိကြောင်း မကြာမီကမှ ရေတပ်က ထုတ်ပြန်ထားသည်။