ပန်းတောင်းမြို့နယ်တွင် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူနှစ်ဦးကို ဆက်လက်စစ်ဆေးခဲ့ရာမှ အင်းစိန်မြို့နယ်အတွင်း သိုဝှက်ထားသည့် စိတ်ကြွ ဆေးပြားသန်းနှင့်ချီ ထပ်မံဖမ်းဆီးရမိမှု နိုဝင်ဘာ ၁၇ ရက်တွင် ဖြစ်ပွားခဲ့သည်။
နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် ပန်းတောင်းမြို့နယ် ညောင်ကျိုးစစ်ဆေးရေးဂိတ်တွင် ဥသျှစ်ပင်ဘက်မှ တောင်ကုတ်ဘက်သို့ ယာဉ်မောင်း ဝင်းမောင် ၃၃ နှစ် မောင်းနှင်ပြီး ဝင်းမြင့် ၄၄ နှစ်လိုက်ပါလာသည့် မော်တော်ယာဉ်ကို သက်ဆိုင်ရာက ရပ်တန့်စစ်ဆေးခဲ့သည်။
ယာဉ်နောက်ခန်း ကြမ်းခင်းတွင် အံဝှက်ဖြင့် သိုဝှက်ယူဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်း ဖမ်းဆီးရမိခဲ့သဖြင့် ဥသျှစ်ပင် နယ်မြေရဲစခန်းက မယ(ပ)၂/၁၈ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းခဲ့ရာ နိုဝင်ဘာ ၁၇ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ မ-၂၀(က)ရှိ ဂိုထောင်အတွင်း၌ မူးယစ်ဆေးဝါးများ သိုလှောင်ထားကြောင်း ထပ်မံဖော်ထုတ်ချက်အရ အဆိုပါ ဂိုထောင်ကို ဝင်ရောက်စစ်ဆေးခဲ့သည်။
ဂိုထောင်အတွင်း ရပ်ထားသည့် TOYOTA VIGO မော်တော်ယာဉ် နောက်ခန်းကြမ်းခင်း အံဝှက်အတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၅၄၉၆၀ဝ ပြား တန်ဖိုး ၃၈၇၄၀ သိန်းကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သောကြောင့် ဒေါ်နန်းမိုဟွမ်နှင့် စိုင်းသိန်းနိုင်တို့ကို အရေးယူရန်တိုင်ကြားခဲ့သည်။ အဆိုပါဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ အင်းစိန်မြို့မရဲစခန်းက မူးယစ်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားသည်။

















