ဆရာဝန်တစ်ဦးကို မူးယစ်ထိုးဆေးများနှင့်အတူ ဖမ်းမိ

ဆရာဝန်တစ်ဦးကို မူးယစ်ထိုးဆေးများနှင့်အတူ ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင် မူးယစ်ဆေးဖမ်းဆီးရမိမှု၏ ကွင်းဆက်အနေဖြင့် ဆရာဝန်တစ်ဦးကို မူးယစ်ထိုးဆေးများနှင့်အတူ သက်ဆိုင်ရာက ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

နိုဝင်ဘာ ၁၅ ရက်ညနေ ၅ နာရီတွင် မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည် (မြောက်) ရပ်ကွက်၊ ၇၈x၇၉ လမ်းကြား၊ ၄၂x၄၁ လမ်းကြား အကွက်အမှတ်(၈၄၀)၊ အိမ်အမှတ်(၅၉/၃)နေ ကျော်ကျော်မင်း (ခ)ကိုစိုး(၅၁)နှစ် ၏နေအိမ်ကို မူးယစ်သတင်းအရ သက်ဆိုင်ရာက စစ်ဆေးခဲ့သည်။

၄င်း၏အိပ်ရာခုတင်ဘေးဝါးထရံတွင် ချိတ်ထားသည့် ကြွပ်ကြွပ်အိတ်အတွင်းမှ SEDUXEN တံဆိပ် Diazepam 10 mg ပါ 2ml ထိုးဆေးပုလင်း ၂၉ လုံးကို သိမ်းဆည်းရမိခဲ့သည်။ 
ဆက်လက်စုံစမ်းဖော်ထုတ်ချက်များအရ အဆိုပါနေ့ ည ၇ နာရီခွဲခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ လမ်း ၈၀၊ ၂၇x၂၈ လမ်းကြားရှိ အေးချမ်းသာ အဆင့်မြင့်ရောဂါ ရှာဖွေရေးနှင့်အထူးကုဆေးခန်းကို ဆက်လက် ရှာဖွေခဲ့သည်။ 
အဆိုပါ ဆေးခန်းပိုင်ရှင် ဒေါက်တာ မောင်မောင်(၆၂ နှစ်)ကို တွေ့ရှိပြီး ဆေးခန်းအောက်ထပ်ရှိကောင်တာ အံဆွဲနှင့် အပေါ်ထပ်ရှိ ဒေါက်တာမောင်မောင်၏ အခန်းအတွင်းမှ SUDUXEN စာတမ်းပါ ဖြူ/နီရောင်စက္ကူဘူး ၄၉၀ ဘူးဖြင့်ထည့်လျက် SEDUXEN တံဆိပ် Diazepam 10 mg ပါ 2ml ထိုးဆေးပုလင်း ၄,၉၄၀ လုံး၊ Tramadol ဆေးတောင့် ၄၀ဝ တောင့်၊ Alprazolan ဆေးပြား ၁,၂၁၅ ပြား၊ Tramadol ထိုးဆေး ၁၉၀ လုံး၊ Diazepam ဆေးပြား ၉၆၀ ပြား၊ SUDUXEN စာတမ်းပါ ဖြူ/နီ ရောင်စက္ကူဘူးခွံ ၂၀၅ ဘူးတို့ကို သိမ်းဆည်းရမိခဲ့သောကြောင့် ၄င်းတို့ နှစ် ဦးကိုအရေးယူပေးရန်တိုင်ကြားခဲ့သည်။ 
သက်ဆိုင်ရာက ၄င်းတို့ ၂ ဦးကိုမူးယစ်ဥပဒေအရ အမှုဖွင့်အရေးယူထားသည်။