ထောင်ဝင်စာလာတွေ့သည့် အမျိုးသမီးထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိ

ထောင်ဝင်စာလာတွေ့သည့် အမျိုးသမီးထံမှ စိတ်ကြွဆေးပြားများ ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့မြို့မဈေးကြီးအတွင်း အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွဆေးပြားများကို သက်ဆိုင်ရာက နိုဝင်ဘာ ၁၇ ရက်တွင် သိမ်းဆည်းရမိခဲ့ပြီး ၎င်းသည် ထောင်ဝင်စာလာတွေ့သူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ ၂ နာရီခန့်တွင် သာယာဝတီဈေးအတွင်း မြကလျာ စိန်ရွှေရတနာရောင်းဝယ်ရေးနှင့် သင်္ကန်းဆိုင်တွင် မသင်္ကာဖွယ်ရာ အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ အဆိုပါ အမျိုးသမီးမှာ မန္တလေး အောင်မြေသာဇံမြို့နယ် ၂၅ လမ်း (၈၂× ၈၀) ကြားနေ မပိုးနှင်းဖြူ၃၀ နှစ်ဖြစ် သည်။ 
၎င်းထံမှ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈၉ ပြား၊ စာတမ်းမပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅ ပြားနှင့် အစိမ်းရောင် စိတ်ကြွဆေး နှစ်ပြားကိုတွေ့ရှိသိမ်းဆည်းခဲ့သည်။ 
စုံစမ်းချက်အရ သာယာဝတီထောင်တွင် ဆွေမျိုးတော်စပ်သူအကျဉ်းသားကို ထောင်ဝင်စာလာတွေ့သူဖြစ်ပြီး ထောင်အနီး တည်းခိုခန်းတစ်ခုတွင် နိုဝင်ဘာ ၁၆ ရက်က တည်းခိုနေထိုင်နေခြင်းဖြစ်သည်။ 
သာယာဝတီမြို့မရဲစခန်းက မူးယစ်ဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားသည်။