မြဝတီမြို့တွင် ဆက်သွယ်ရေးတာဝါတိုင်၌ သွယ်တန်းထားသည့် ဆက်သွယ်ရေးကေဘလ် ကြိုးများ ဖြုတ်ခိုးယူခဲ့သည်ဆိုသူနှစ်ဦးကို သက်ဆိုင်ရာက နိုဝင်ဘာ ၁၆ ရက်တွင် ဖမ်းဆီးအရေးယူခဲ့သည်။
အဆိုပါနေ့ ည ၈ နာရီ အချိန်ခန့်တွင် မြဝတီမြို့အမှတ်(၅)ရပ်ကွက် စိုက်ပျိုးရေးဇုန်လမ်းရှိ ဧရာဝတီ ဂရင်းတာဝါတိုင်ကုမ္ပဏီလီမိတက်ပိုင် ဆက်သွယ်ရေးတာဝါတိုင် အမှတ်(KAT-30466) အဆောက်အဦအတွင်း တပ်ဆင်ထားသော ဝါယာကေဘလ်ကြိုးများကို လူ နှစ်ဦးက ဝင်ရောက် ဖြုတ်ခိုးနေကြောင်း တာဝါတိုင်တာဝန်ခံ၏ သတင်းပေးမှုအရ နယ်ထိန်း ရဲတပ်ကြပ် တင်နိုင်ဝင်း နှင့်အဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။
အဆိုပါအဆောက်အဦတွင်း ဖြတ်တောက်ထားသည့် ကေဘလ်ကြိုး (၁၄)ပေအရှည်(၆)ချောင်း၊ (၆)ပေ(၁)ချောင်း၊(၃)ပေ(၄)ချောင်း စုစုပေါင်းကျပ် ၄၅၉၀ဝ၀ဖိုးခန့်နှင့်အတူ အမှတ် ၅ ရပ်ကွက်နေ မခင်ငြိမ်းဝေ(၂၆)နှစ် ကို ဖမ်းဆီးခဲ့သည်။
၎င်း၏ခင်ပွန်းကျော်တင်စိုး(၂၆)နှစ် မှာထွက်ပြေးတိမ်း ရှောင် သွားကြောင်းသိရသဖြင့် သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်။
သက်ဆိုင်ရာက ထွက်ပြေးတိမ်းရှောင်နေသူ ကျော်တင်စိုးကို နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီ မိနစ်၅၀ အချိန်တွင် အမှတ်(၅)ရပ်ကွက် ပတ္တမြားဓာတ်ဆီဆိုင် လမ်းမပေါ်တွင် တွေ့ရှိဖမ်းဆီးခဲ့သည်။
၄င်းတို့ နှစ်ဦးကို မြဝတီမြို့မရဲစခန်းတွင်(ပ)၉၀၈/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အမှုဖွင့်အရေး ယူထားသည်။

















