မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း အရက်၊ ဘီယာတရားမဝင်ရောင်းချနေသည့် ဆိုင်ပေါင်း ၃၀ဝ ကျော်ခန့်ရှိနေကြောင်း သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
စာရင်းကောက်ယူ
လူဦးရေထူထပ်သော မြို့ပေါ်ရပ်ကွက် များရှိ လမ်းများ၊ မိန်းလမ်းမနံဘေးတစ်လျှောက် နေရာများနှင့် ကျေးရွာအုပ်စုအချို့တွင် တရား မဝင်အရက်ရောင်းချမှုများရှိနေသဖြင့် သက် ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များ၏ စာရင်းကောက်ယူတင်ပြချက်များအရ သိရကြောင်း သထုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ပြောဆိုသည်။
"တရားမဝင်အရက်ရောင်းချတာနဲ့ ပတ် သက်ပြီး စာရင်းကောက်ထားသလိုဆက်မရောင်း ဖို့ ခံဝန်ထိုးခိုင်းတာတွေလည်း လုပ်ထားတယ်။ သုံးကြိမ်ရှိပါပြီ။ တရားမဝင်အရက်ဆိုင် ၃၀ဝ ကျော်ဆိုတာကစာရင်းအရပြောတာပါ။ ဒီထက် ပိုများနိုင်သေးတယ်။ စစ်ဆေးတာတွေလည်း လုပ်နေတယ်။ ဒါတွေကဥပဒေနဲ့မညီတာတွေ ဖြစ်တဲ့အတွက် နားလည်ခွင့်လွှတ်ပေးလို့ မရ ဘူး။ တွေ့ရင်တော့ အရေးယူတာတွေ လုပ်ပါ တယ်"ဟု ၎င်းက ပြောဆိုသည်။
ရှောင်တခင်ဖမ်းဆီးမည်
ပြည်သူများအနေဖြင့် မိမိကျေးရွာ၊ ရပ်ကွက် အတွင်း အရက်၊ ဘီယာတရားမဝင်ရောင်းချ နေမှုများတွေ့ရှိပါက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ သတင်းပေးတိုင်ကြားနိုင်ပြီး တိုင်ကြားသူအမည်အား ဖော်ထုတ်ပြောဆိုမည် မဟုတ်ဘဲ ရှောင်တခင် ဖမ်းဆီးမှုပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များတွင် နှစ်နှစ်တာကာလအတွင်း အရက်၊ ဘီယာတရားမဝင်ရောင်းချနေသည့်ဆိုင် ၂၀ ကျော်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ဖမ်းဆီးပြီး ယစ်မျိုးဥပဒေဖြင့် တရား စွဲထားခဲ့သည်။
"အရက်ပုန်းဆိုင်လိုင်စင်မရှိဘဲ အရက်၊ ဘီယာရောင်းနေတဲ့ ဆိုင်က သထုံမြို့ပေါ်မှာတင် အများကြီးပဲ။ နန်းခဲတစ်ရပ်ကွက်တည်းမှာတင် ဆိုင် ၂၀ လောက်ရှိမယ်။ အချို့က အရက်ဖြူ လိုင်စင်လောက်ယူထားပြီး တခြားအရက်တွေ ရောင်းနေတာလည်းရှိတာပဲ။ လိုင်စင်မရှိ၊ ပက် ခြင် ရောင်းနေတဲ့သူလည်းရှိတာပဲ၊ တစ်ခါမှ ဖမ်းတယ်လို့တော့ မကြားမိဘူး။ မိုးလင်းမိုး ချုပ်ရောင်းနေတာပဲ"ဟု နန်းခဲရပ်ကွက် ဒေသခံ ဦးအောင်ဝင်းက ထောက်ပြပြောဆိုသည်။
သထုံမြို့နယ်အတွင်း ယစ်မျိုးလိုင်စင်အမျိုး အစားအလိုက် ရောင်းချခွင့်လိုင်စင်ထုတ်ပေး ထားသော ဆိုင်ပေါင်း ၁၃၄ ဆိုင်ရှိပြီး ယစ်မျိုး လိုင်စင်အဟောင်းများကိုသာ သက်တမ်းတိုး လုပ်ကိုင်ခွင့်ပေးထားပြီး လိုင်စင်အသစ်များ ထုတ်ပေးခြင်းမရှိကြောင်း၊ တရားမဝင်ယစ်မျိုး ရောင်းချနေမှုအား တွေ့ရှိဖမ်းဆီးရမိပါက ယစ်မျိုးဥပဒေအရ ဒဏ်ငွေနှင့်ထောင်ဒဏ် နှစ်နှစ်ထိချမှတ်နိုင်ကြောင်း သိရသည်။















