စက်သုံးဆီဈေးတက်၍ ပြင်သစ်၌ လမ်းများပိတ်ဆို့လျက် ဆန္ဒပြ၊ တစ်ဦးသေဆုံး ၂၀ဝ ကျော်ဒဏ်ရာရ

စက်သုံးဆီဈေးတက်၍ ပြင်သစ်၌ လမ်းများပိတ်ဆို့လျက် ဆန္ဒပြ၊ တစ်ဦးသေဆုံး ၂၀ဝ ကျော်ဒဏ်ရာရ

ပြင်သစ်နိုင်ငံတွင် အခွန်တိုးမြှင့်လိုက်မှုကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းကို မကျေနပ်သူ ၂၈၀ဝ၀ဝ ခန့်က နိုင်ငံတစ်ဝန်း နေရာများစွာတွင် လမ်းများပိတ်ဆို့ဆန္ဒပြခဲ့ရာ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်များကြောင့် တစ်ဦးသေဆုံး၊ ၂၂၇ ဦး ဒဏ်ရာရ၊ ၅၂ ဦး အဖမ်းခံခဲ့ရသည်။

နိုဝင်ဘာ ၁၇ ရက်ဆန္ဒပြမှုတွင် အရောင်တောက်ပသည့် ဂျာကင်များဝတ်ဆင်လျက် ဆန္ဒပြသူများက လမ်းများအား ပိတ်ဆို့၍ ငြိမ်းချမ်းစွာဆန္ဒပြခြင်းဖြစ်သော်လည်း အချို့နေရာများတွင် သွားလာနေသည့်ကားများက ဆန္ဒပြလူအုပ်ကို ဝင်တိုးခဲ့၍ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 
သေဆုံးမှုမှာ အရှေ့တောင်ဘက် ဆာဗွိုင်းဒေသတွင် မိခင်တစ်ဦးသည် ၄င်း၏သမီးကို ဆေးရုံပို့ရန် ကားဖြင့်ထွက်အလာ လမ်းပိတ်ဆို့ထားသည့် လူ ၅၀ ပါ ဆန္ဒပြလူအုပ်ကို ဖောက်ထွက်ရာမှ အသက် ၆၀ ကျော်ဆန္ဒပြသူတစ်ဦးကို တိုက်မိ သေဆုံးခဲ့ခြင်း ဖြစ်သည်။
    သမ္မတ ဧမာနွေလ မာခရွန်သည် အနည်းစုပြည်သူများကို စွန့်ပစ်ထားကြောင်း ဆန္ဒပြသူများက ပြောဆိုခဲ့သည်။ အချို့ဆန္ဒပြသူများက သမ္မတမာခရွန်ကို ရာထူးမှ ဆင်းပေးရန်အထိ ပြောဆိုခဲ့သည်။ နိုင်ငံရေးပြိုင်ဘက်များသည် ၄င်း၏ပြုပြင်ပြောင်းလဲရေးစီမံကိန်းကို ပိတ်ဆို့ရန် လှုပ်ရှားမှုများဖြင့် အကျပ်ကိုင်နေကြောင်း သမ္မတ မာခရွန်က ပြောဆိုထားသည်။ 
ပါရီတွင် သမ္မတအိမ်တော်သို့ ချဉ်းကပ်လာသည့်ဆန္ဒပြသူများကို ရဲများက မျက်ရည်ယိုဗုံးများအသုံးပြု နှင်ထုတ်ခဲ့သည်။
    ပြင်သစ်တွင်အသုံးအများဆုံး ဒီဇယ်ဆီဈေးနှုန်းသည် ၁၂ လအတွင်း ၂၃ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်ခဲ့ပြီး တစ်လီတာလျှင် ပျမ်းမျှ ယူရို ၁ ဒသမ ၅၁(ဒေါ်လာ ၁ ဒသမ ၇၁) ဖြစ်လာသည်။
ယင်းသည် ၂၀ဝ၀ ပြည့်နှစ်မှစ၍ အမြင့်ဆုံးဈေးဖြစ်သည်။ သန့်ရှင်းစွမ်းအင်အသုံးပြုရေး အားပေးရန်နှင့် ကမ္ဘာ့ရေနံဈေးမြင့်တက်မှုတို့ကြောင့် မာခရွန်အစိုးရသည် ယခုနှစ်အတွင်း ဒီဇယ်ဆီတစ်လီတာလျှင် ၇ ဒသမ ၆ ဆင့်၊ ဓာတ်ဆီတစ်လီတာလျှင် ၃ ဒသမ ၉ ဆင့် မြှင့်တင်ခဲ့သည်။ ၂၀၁၉ ဇန်နဝါရီတွင် နောက်ထပ် ဒီဇယ်တစ်လီတာ ၆ ဒသမ ၅ ဆင့်၊ ဓာတ်ဆီတစ်လီတာ ၂ ဒသမ ၉ ဆင့် မြင့်တက်ဦးမည်ဖြစ်သည်။
    မာခရွန်ကို သမ္မတဖြစ်ရန် မဲပေးခဲ့သူထက်ဝက်ကျော်က ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြမှုများကိုထောက်ပံ့သည့် အီလာဘီသိပ္ပံက ပြောဆိုခဲ့သည်။ သမ္မတ ရွေးကောက်ပွဲတွင် မာခရွန်ကိုရှုံးနိမ့်ခဲ့သည့် လက်ယာစွန်းခေါင်းဆေင် မာရီလီပန်းက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများကို မာခရွန်အစိုးရအနေဖြင့် ကြောက်ရွံ့မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။