ရာသီဥတုပြောင်းလဲမှု၏ဆိုးကျိုးများကို ဗြိတိန်အစိုးရ အလေးအနက်ထားလာစေရန်အတွက် နိုဝင်ဘာ ၁၇ ရက်တွင် ဆန္ဒပြသူရာပေါင်းများစွာသည် လန်ဒန်မြို့လယ်ရှိ တံတားငါးစင်းကို ပိတ်ဆို့ပြီး ဆန္ဒထုတ်ဖော်ခဲ့ရာ ၎င်းတို့အနက် ၈၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
မျိုးသုဉ်းမှုတော်လှန်ရေးအမည်ရှိ အဖွဲ့သည် တံတားများပေါ်တွင် ထိုင်သပိတ်မှောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ တံတားငါးစင်းကို ပိတ်ဆို့ထားမှုကြောင့် အရေးပေါ်ယာဉ်များဖြတ်သန်းရခက်ခဲခဲ့ကြောင်း လန်ဒန်မြို့ပြရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။
ဆန္ဒပြသူများအနေဖြင့် ဝက်စ်မင်စတာတံတားပေါ်တွင်သာ စုဝေးပြီး ဆန္ဒထုတ်ဖော်ရန် ရဲတပ်ဖွဲ့ဝင်များက တိုက်တွန်းခဲ့သည်။
မိသားစုများနှင့် ပင်စင်စားကြီးများအပါအဝင် ဆန္ဒပြသူများသည် နိုဝင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီတွင် လန်ဒန်ရှိ တံတားငါးစင်းပေါ်တွင် စတင်စုဝေးခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူများသည် ဆောက်ဝါ့၊ ဘလက်ဖရိုင်ယာ၊ဝါတာလူး၊ ဝက်စ်မင်စတာနှင့် လမ်ဘက်တံတားများတွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
အဝေးပြေးလမ်းမကြီးပေါ်တွင် အနှောင့်အယှက်ပေးမှုဖြင့် အများစုကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ရာသီဥတုပြောင်းလဲမှု၏ဆိုးကျိုးများနှင့် တောရိုင်းတိရစ္ဆာန်များမျိုးသုဉ်းလာခြင်းကို အစိုးရအနေဖြင့် အလေးအနက်ထားလာစေရေးတောင်းဆိုသည့်အနေဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်ပတ်အတွင်း မျိုးသုဉ်းမှုတော်လှန်ရေး အဖွဲ့၏လှုံ့ဆော်မှုဖြင့် လူများသည် အစိုးရအဆောက်အအုံများတွင် ၎င်းတို့ကိုယ် ၎င်းတို့ ကော်များဖြင့်ကပ်ခြင်း၊ မြို့တော်ရှိ အဓိကလမ်းမများကို ပိတ်ဆို့ခြင်းတို့ကိုပြုလုပ်ခဲ့ပြီးဖြစ်သည်။ ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်မှုများအတွက် လူ ၆၀ ကျော်အဖမ်းခံခဲ့ရပြီးဖြစ်သည်။
နိုဝင်ဘာ ၁၇ ရက်ဆန္ဒပြမှုတွင် လူ ၆၀ဝ၀ ခန့် ပါဝင်ခဲ့ကြောင်း စီစဉ်သူများကပြောဆိုခဲ့သည်။

















