မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဝူရှူး(ထောက်လု)ပြိုင်ပွဲကို နိုဝင်ဘာ ၁၇ ရက်က စတင်ကျင်းပခဲ့ရာ နံနက်ပိုင်းပွဲစဉ်များအပြီးတွင် တရုတ်နိုင်ငံက ဆုတံဆိပ်အများဆုံးဖြင့် ဦးဆောင်လျက်ရှိပြီး မြန်မာနိုင်ငံမှ ငြိမ်ချမ်းကိုကိုက ထိုက်ချိချွမ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့သည်။
အဆိုပါပြိုင်ပွဲ ပထမနေ့နံနက်ပိုင်းပွဲစဉ်များအဖြစ် ထိုက်ချိချွမ် (အမျိုးသား၊ အမျိုးသမီး)၊ ချွန်ချွမ် (အမျိုးသား၊ အမျိုးသမီး)၊ နန်ချွမ် (အမျိုးသား၊ အမျိုးသမီး) ပွဲစဉ်များယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်ဆုများကို ချွန်ချွမ်နှင့် နန်ချွမ်ပွဲစဉ်တို့၌ တရုတ်နိုင်ငံမှ ကစားသမားများက ဆွတ်ခူးနိုင်ခဲ့သည်။
အမျိုးသားထိုက်ကျိချွမ်ပွဲစဉ်တွင် ရွှေတံဆိပ်ဆုကို တရုတ်နိုင်ငံမှရရှိခဲ့ပြီး ကြေးတံဆိပ် ဆုကို မြန်မာမှ ငြိမ်းချမ်းကိုကိုက ရရှိခဲ့သည်။
အမျိုးသမီးထိုက်ကျိချွမ်ပွဲစဉ်တွင် ရွှေတံဆိပ်ဆုကို ဟောင်ကောင်မှရရှိခဲ့သည်။
ပထမနေ့နံနက်ပိုင်းပွဲစဉ်များအပြီးတွင် တရုတ်နိုင်ငံက ရွှေတံဆိပ် ငါးခုဖြင့် ဦးဆောင်လျက်ရှိပြီး ဟောင်ကောင်မှ ရွှေတစ်ခု၊ ငွေတစ်ခု၊ စင်ကာပူ၊ ယူကရိန်း၊ ဗီယက်နမ်၊ မလေးရှားနှင့် ဂျပန်နိုင်ငံတို့က ငွေတံဆိပ်တစ်ခုစီ၊ မကာအိုမှ ကြေးတံဆိပ်သုံးခုနှင့် အမေရိကန်၊ မြန်မာနှင့် စင်ကာပူတို့မှ ကြေးတံဆိပ်တစ်ခုစီရရှိထားသည်။ အဆိုပါပြိုင်ပွဲကို နိုဝင်ဘာ ၁၈ ရက်(ယနေ့)အထိ ကျင်းပမည်ဖြစ်သည်။















