ဂရိနိုင်ငံအား ၁၉၆၇ မှ ၁၉၇၄ ခုနှစ်အထိ စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်စဉ်အတွင်း ဆူပူအုံကြွခဲ့သည့် ကျောင်းသားများ ရက်စက်စွာနှိမ်နင်းခံခဲ့ရမှု နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၁၇ ရက်တွင် လူထောင်ပေါင်းများစွာသည် အေသင်ရှိ အမေရိကန်သံရုံးရှေ့သို့ ချီတက်မှုပြုလုပ်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ဂရိစစ်အာဏာရှင်အစိုးရကို အားပေးထောက်ခံခဲ့သည်ဟု ယူဆသောကြောင့် အမေရိကန်သံရုံးရှေ့သို့ ချီတက်ခဲ့ကြခြင်းဖြစ်သည်။
ချီတက်သူအများစုသည် ငြိမ်းချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်ခဲ့သော်လည်း အေသင်နှင့် အခြားမြို့ကြီးနှစ်မြို့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် မင်းမဲ့ဝါဒီများကြား ထိပ်တိုက်ဆုံမှုများရှိခဲ့သည်။
အမျိုးသားနည်းပညာတက္ကသိုလ်မှ သံရုံးရှေ့သို့ချီတက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၆၀ဝ၀ ကျော်တို့က စောင့်ကြည့်ခဲ့ကြသည်။
ဆူပူအုံကြွမှုဖြစ်စေလိုသူ ၃၀ဝ ခန့်သည် မြို့တော်တွင်း အတားအဆီးများကိုချထားခြင်း၊ ရဲတပ်ဖွဲ့ဝင်များအား မီးလောင်ဗုံးများ၊ ကျောက်ခဲများဖြင့် ပစ်ခတ်ခြင်းတို့ကိုပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ ဂရိရှိ ဒုတိယအကြီးဆုံးမြို့ သက်စ်ဆာလိုနီကီ၌ မင်းမဲ့ဝါဒီ ၂၀ဝ ခန့်သည် ရဲတပ်ဖွဲ့ဝင်များအား မီးလောင်ဗုံးများဖြင့် ပစ်ခတ်ခဲ့သည်။
ယင်းမြို့၌ လူ ၁၀ ဦးခန့်ကို ဖမ်းဆီးခဲ့သည်။ ပါထရာစ်မြို့၌လည်း ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံခဲ့ရပြီးနောက် နောက်ထပ်လူငါးဦးကိုဖမ်းဆီးခဲ့သည်။
ကျောင်းသားများ၏ပုန်ကန်ထကြွမှု ၄၅ နှစ်ပြည့်အထိမ်းအမှတ် ချီတက်ပွဲတွင် လူ ၁၅၀ဝ၀ ခန့်ပါဝင်ခဲ့သည်။
ဆူပူအုံကြွမှုအတွင်း အာဏာရှင်အစိုးရ၏သတ်ဖြတ်မှုကြောင့် လူ ၁၈ ဦးမှ ၄၀ ဦးအထိသေဆုံးခဲ့ကြောင်း ခန့်မှန်းမှုများရှိနေသည်။

















