ဆော်ဒီသတင်းသမားခါရှောဂီကို သတ်ဖြတ်ရန် ဆော်ဒီအိမ်ရှေ့စံ ဘင်ဆဲလ်မန်က အမိန့်ပေးခဲ့ဟုယုံကြည်ကြောင်း စီအိုင်အေထောက်လှမ်းရေးအဖွဲ့၏ အကဲဖြတ်ချက်သည် အလွန်ဆန္ဒစောလွန်းနေကြောင်း၊ သို့သော် ဖြစ်နိုင်ခြေရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောဆိုလိုက်သည်။
ယင်းအမှု အစီရင်ခံစာအပြည့်အစုံတစ်ရပ်ကို နိုဝင်ဘာ ၂၀ ရက်၌ ၄င်းရရှိရန်ရှိကြောင်းလည်း ထရမ့်ကဆိုပြီး မည်သည့်ဌာန၏အစီရင်ခံစာဟူ၍မူ မသိရချေ။
သမ္မတထရမ့် ယင်းသို့မှတ်ချက်မပေးမီ အမေရိကန်က ရရှိထားသည့် ခါရှောဂီအရေး နောက်ဆုံးအစီရင်ခံစာသည် တိကျရေရာမှုမရှိသေးကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့သည်။
ဌာနအနေဖြင့် အမေရိကန် ဆော်ဒီအာရေးဘီးယား မဟာဗျူဟာမြောက် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းချက် ခါရှောဂီအမှု အချက်အလက်များပိုမိုရရှိရန် အခြားနိုင်ငံများနှင့်အတူ ဆောင်ရွက်သွားမည်ဟုလည်း ပြောဆိုခဲ့သည်။
စီအိုင်အေအကဲဖြတ်ချက် မီဒီယာများတွင်ဖော်ပြခဲ့ပြီးနောက် သမ္မတထရမ့်သည် ကယ်လီဖိုးနီးယားအသွား လေယာဉ်ပေါ်တွင် စီအိုင်အေညွန်ကြားရေးမှူး ဂီနာ ဟာစပဲလ်၊ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုတို့နှင့် ဆွေးနွေးခဲ့သည်။
ပြည်ပြေးအဖြစ် မိမိကိုယ်မိမိကြေညာထားသည့် ဆော်ဒီသတင်းသမား ခါရှောဂီသည် အမေရိကန်တွင်နေထိုင်ရာမှ တူရကီအမျိုးသမီးချစ်သူနှင့် လက်ထပ်ရန် တူရကီရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း စာရွက်စာတမ်းကိစ္စ ဆောင်ရွက်ရန် အောက်တိုဘာ ၂ ရက်တွင် ဝင်ရောက်ခဲ့ရာမှ အသတ်ခံခဲ့ရခြင်းဖြစ်သည်။
ဆော်ဒီအိမ်ရှေ့စံ ဘင်ဆဲလ်မန်၏အမိန့်အရ ဆော်ဒီအေးဂျင့်များ ကြိုတင်ရောက်ရှိစောင့်ဆိုင်း သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တူရကီက စွပ်စွဲခဲ့ပြီး စီအိုင်အေကလည်း ယင်းအတိုင်းပင် ကောက်ချက်ချခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ဆော်ဒီအစိုးရက ခါရှော်ဂီသတ်ဖြတ်မှုဖြင့် ၄င်းနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီးထားပြီး ၄င်းတို့ကို အမေရိကန်ကလည်း ပိတ်ဆို့ပြစ်ဒဏ်ချမှတ်ထားသည်။ ဆော်ဒီအစိုးရအနေဖြင့် ခါရှောဂီအမှုတွင် မည်သည့်ပတ်သက်မှုကိုမဆို အရေးယူရန် အမေရိကန်က တောင်းဆိုခဲ့သည်။

















